ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာ့စီးပွားရေးအခြေအနေ၂၀၁၉ အစီရင်ခံစာကို OBGထုတ်ပြန်


01 February, 2019

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်လိုသည့် နိုင်ငံခြားသားများအတွက် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို သိရှိစေရန် Oxford Business Group (OBG) က ၂၀၁၉ အစီရင်ခံစာကို နိုင်ငံတကာသို့ ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားစီးပွားရေး လုပ်ငန်း ရှင်များ ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရရှိနိုင်မည့် အခွင့်အလမ်းသစ်များကိုလည်း မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်စပ်လျဉ်းသော အစီရင်ခံစာတွင် ဖော်ပြထားကြောင်း OBG သတင်းထုတ် ပြန်ချက်တွင် ရေးသားထားသည်။မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍပိုမိုကောင်းမွန်လာစေရန် နှင့် ပုဂ္ဂလိကဏ္ဍဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ ၂၀၁၉ အစီရင် ခံစာထုတ်ပြန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းဒေသတစ်ခုအဖြစ် ရပ်တည်လာနိုင်မယ့် လက္ခဏာတွေ တွေ့မြင်နေရပါတယ်’’ ဟု OBG အယ်ဒီတာချုပ် Oliver Cornok ကပြောသည်။

၂၀၁၉ မြန်မာနိုင်ငံ၏ အစီရင်ခံစာတွင် နိုင်ငံခြားဘဏ်ခွဲများကို ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ ခွင့်ပြုပေးခြင်းနှင့် ပတ်သက်၍လည်း ကျယ်ကျယ်ပြန့်ပြန် ဖော်ပြထားသည်။ ဘဏ္ဍာရေးငွေ ကြေးရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်ပြီး နိုင်ငံတကာအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေများ ဖော်ပြထားသည်။ ရန်ကုန်မြို့သစ်စီမံကိန်း၊ New Mandalay Resort City စသော မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အခြေခံအဆောက်အအုံ ပိုင်းတိုးချဲ့တည်ဆောက်မှုများကိုလည်း ဖော်ပြထားသည်။ ထို့အပြင် အများပြည်သူဆိုင်ရာတင် ဒါစနစ်ဖြင့် ဆောင်ရွက်သဖြင့် ပုဂ္ဂလိကကုမ္ပဏီများရရှိနိုင်မည့် အခွင့်အလမ်းများ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်များအားရှင်းပြထားသည်။

ထို့အပြင် ကွန်ဒိုမီနီယံနည်း ဥပဒေကျင့်သုံးမှုနှင့်ပတ်သက်၍ အငြင်းပွားမှုကို ဖြေရှင်းနိုင်မည်ဆိုပါက အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိလာနိုင်မည့်အချက် အစီရင်ခံစာတွင်ပါဝင်သည်။လက်လီ၊ လက်ကားဈေးကွက်တွင် နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နံှမှုအခွင့်အရေးနှင့် ပတ်သက်၍လည်း အစီရင်ခံစာတွင် ထည့်သွင်းထားသည်။ ၎င်းတို့ကို ဆွဲဆောင်နိုင်မည့် စည်းမျဉ်းဥပဒေများမကြာမီ ပေါ်ပေါက်လာမည်ဖြစ်၍ ပိုမိုကောင်းမွန်သော ဝန်းကျင်တစ်ခု ဖြစ်လာမည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

Oxford Business Group သည် အာရှ၊ အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် အမေရိကတိုက် တို့မှ နိုင်ငံပေါင်း ၃၀ ကျော်တွင် သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

7 Day daily

Industry Reviews Read 1904 times