ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ကို ကားလမ်းစီမံကိန်းအတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၃၂၈ သန်း ကူညီမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးစိုးသိန်းက ပြောပါတယ်။
ယခုလ နေပြည်တော်တွင်ပြုလုပ်တဲ့ “ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမှာပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်ဝ ပြည်တွင်းရေကြောင်း ဆိပ်ကမိး နှင့် ဆက်စပ်ပစ္စည်းများ၊အဆောက်အအုံများ စီမံခန့်ခွဲခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား”မှာ အခုလို ပြောကြားတာပါ။
အရင်အစိုးရတွေလက်ထက် က နိုင်ငံတော်အကြီးအကဲတွေ အိန္ဒိယကိုသွားရာက်လည်ပတ်တဲ့အခါ အိန္ဒိယအစိုးရကနေသူတို့ နိုင်ငံရဲ့ အနောက်မြောက်မှာရှိတဲ့ မီဇိုရမ်ပြည်နယ်ကို သူတို့ရဲ့ ကုန်စည်တွေတင်ပို့တဲ့အခါ လမ်းပန်းဆက်သွယ်ရေးအနေအထား ဝေးကွာမှုအခက်အခဲတွေကြောင့် ကိုလ်ကတ္တားက တစ်ဆင့်စစ်တွေ၊စစ်တွေကတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝ၊ ပလက်ဝကနေကားနဲ့ မီဇိုရမ် ပြည်နယ်ကို ပြန်ပတ်လမ်းတစ်ခုတည်ဆောက်ဖို့ နှစ်နိုင်ငံသဘော တူညီခဲ့ကြတယ်လို့ သိရပါတယ်။သည်သဘောတူညီအချက်အရ ၂ဝဝ၈ ခုနှစ် ဧပြီလမှာ မူဘောင်သဘောတူညီချက်စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
သည်သဘောတူညီချက်အရ ဆက်လက်အကောင်အထည် ဖော်တာဖြစ်ပြီး ရေလမ်းကြောင်း ဆိုင်ရာအတွက် အမေရိကန်ဒေါ် လာသန်း ၁၆ဝ အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာ ရေလမ်းခရီးအတွက် တည်ဆောက်မှု အားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် ကုန်းလမ်းဖောက်လုပ်မှာ ဖြစ်ပါတယ်။သည်အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ရေကြောင်းဆိုင်ရာနဲ့ ကုန်းပိုင်းဆိုင်ရာလမ်းတွေအတွက် အမေရိကန် ဒေါ်လာ ၄၈၈ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။အမေရိကန်ဒေါ်လာသန်း ၃ဝဝ ကျော် ကူညီမယ့် ကုန်းလမ်းပိုင်းအရှည်မှာ ၁၀၉ ကီလိုမီတာ (၆၇ .ရ၃ မိုင်)ရှိတယ်လို့ သိရပါတယ်။
သည်ကားလမ်းစီမံကိန်းကို အိန္ဒိယပိုင်ကုမ္ဗဏီ ဒါမှမဟုတ် အိန္ဒိယ-မြန်မာဖက်စပ်ကုမ္ဗဏီ တစ်ခုခုကို နှစ်နိုင်ငံတာဝန်ရှိသူတွေက စိစစ်ရွေးချယ်မှာပါ။စီမံကိန်းကာလ နှစ်နှစ်ကနေသုံးနှစ်ခန့်အထိ ကြာနိုင်တယ်လို့ သိရပါ တယ်။အိန္ဒိယနိုင်ငံကနေဖောက်လုပ်ပေးတဲ့ ရေလမ်းနဲ့ ကုန်းလမ်းစီမံကိန်းတွေ အားလုံးပြီးစီးသွားရင်တော့ မြန်မာနိုင်ငံအနေနဲ့လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
အခုလိုဆောင်ရွက်ပြီးရင် မြန်မာနိုင်ငံရဲ့ ရေကြောင်းတွေပိုပြီးတော့ ကောင်းမွန်လာမှာ ဖြစ်တယ်။ ကုလားတန်မြစ်ကြောင်း တစ်လျှောက်မှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးက ပိုမိုကောင်းမွန်လာမှာပါ။
ဒါ့အပြင်အခုလို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြားရေလမ်းကြောင်းရော ကုန်းလမ်းကြောင်းပါ ဖောက်လုပ်ခြင်းဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရှိစေခြင်း၊ အပြည်အပြည်ဆိုင်ရာ ဆိပ်ကမ်းတွေပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနဲ့သာမက အခြားနိုင်ငံတွေနဲ့ပါ ကုန်သွယ်နိုင်ခြင်း၊ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့မှာ လမ်းပန်း ဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းနဲ့ ရေကြောင်းသွားလာမှုကို အခြေခံတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေလည်း ရရှိလာမယ်လို့ ဆိုပါတယ်။
Kumudra