စားအုန်းဆီကြမ်း တစ်တန် ရင်းဂစ် ၈,၀၀၀ ကျော်အထိ မြောက်တက်


02 March, 2022

စားအုန်းဆီကြမ်း တစ်တန် ရင်းဂစ် ၈,၀၀၀ ကျော်အထိ မြောက်တက်


ယူကရိန်းကို ရုရှား ကျူးကျော်ခြင်းကြောင့် နေကြာဆီ ဝယ်ယူရရှိနိုင်မယ် ပမာဏ လျော့ကျသွားလို့ မတ်လ ၁ ရက် အင်္ဂ်ါနေ့မှာ စားအုန်းဆီ ဝယ်လိုအား မြင့်တက်ပြီး တစ်တန်လျှင် ရင်းဂစ် ၈,၀၀၀ သို့ ပထမဆုံးအကြိမ် ရောက်ရှိပြီး စံချိန်သစ် တင်ပါတယ်။

အရောင်းအဝယ် ပိတ်ခါနီးချိန်တွင် မတ်လအတွက် စာအုန်းဆီကြမ်း ကြိုပွိုင့် တစ်တန်လျှင် ရင်းဂစ် ၈,၁၆၃ အထိ ခုန်တက်ပါတယ်။ မေလအတွက် ကြိုပွိုင့် တစ်တန်လျှင် ရင်းဂစ် ၇,၄၃၅ အထိ မြင့်တက်ပါတယ်။

ယူကရိန်းမှ စားဆီ ယာယီအားဖြင့် မရနိုင်တဲ့ လိုအပ်ချက်ကို ကာမိအောင် အရူးအမူး ဝယ်ကြတာလို့ CGS-CIMB Research က သုံးသပ်ပါတယ်။ ယူကရိန်း စားဆီ အခြေအနေ တိုးတက်ကောင်းမွန်မလာသေးသရွေ့ ယခုလို ဈေးအမြင့်ပေးပြီး ဝယ်ယူမှုများ ဆက်ရှိနေဦးမယ်လို့ ပြောကြားပါတယ်။

ယူကရိန်းက နေကြာဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အများဆုံး တင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နေကြာဆီ တင်ပို့မှုမှာ ၄၇% က ယူကရိန်းမှ တင်ပို့တာ ဖြစ်ပါတယ်။ ရုရှားကလည်း နေကြာဆီ တင်ပို့ပါတယ်။ ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၂၉.၉% ကို ရုရှားက တင်ပို့ပါတယ်။ ၂၀၂၀ နှင့် ၂၀၂၁ တို့မှာ ရုရှားနှင့် ယူကရိန်း ၂ နိုင်ငံ စုစုပေါင်းတင်ပို့မှုက ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၇၀% ကျော်မှာ ရှိခဲ့ပါတယ်။

ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးမှာ နေကြာဆီက ကမ္ဘာ့တတိယအများဆုံး ရောင်းဝယ်တဲ့ဆီ ဖြစ်ပြီး စားအုန်းဆီက ပထမ၊ ပဲပုပ်ဆီက ဒုတိယ အများဆုံး ဖြစ်ပါတယ်။
နေကြာဆီ မရတော့တဲ့ လစ်ဟာချက်ကို စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြင့် ယာယီအစားထိုးဖို့ ၎င်းဆီနှစ်မျိုးကို ဝယ်ယူနေကြတာ ဖြစ်ပါတယ်။


ယခုလို ကြိုပွိုင့် ဈေးနှုန်း မြင့်တက်တဲ့အတွက် လက်ငင်းအရောင်းဖြင့်သာ ရောင်းချတဲ့ Hap Seng Plantations Holdings Bhd, Ta Ann Holdings Bhd အစရှိတဲ့ စားအုန်းဆီ လုပ်ငန်းများလည်း ဈေးကောင်းရစေတယ်လို့ CGS-CIMB Research က ပြောကြားပါတယ်။ 
ရုရှားက ကမ္ဘာ့ ဓာတ်မြေဩဇာ တင်ပို့မှုမှာ ဓာတ်မြေဩဇာအကြမ်း ၁၃% ၊ ဓာတ်မြေဩဇာ အပြီးသတ်အချော ၁၆% တင်ပို့နေတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ခင်းသမားများအနေဖြင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်း အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်တာကို ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ကြုံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ 

Agriculture & Livestock Read 1938 times