ယခုဘဏ္ဍာရေးနှစ်အကုန်တွင် Panasonic သည် မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှု fixed assets ထက် အထည်ကိုယ်ဒြပ်မဲ့ ပိုင်ဆိုင်မှု intangible assets ပမာဏ ပိုများသော ကုမ္ပဏီအဖြစ်သို့ ပထမဆုံးအကြိမ်အဖြစ် ကူးပြောင်းရောက်ရှိလိမ့်မည်။ ကုမ္ပဏီ အနေဖြင့် သမားရိုးကျ ကုန်ထုတ်လုပ်မှုတွင် ရင်းနှိးမြှုပ်နှံမှုများကို အာရုံစိုက်ခြင်းမှ ဆော့ဖ်ဝဲကဲ့သို့သော အထည်ကိုယ်ဒြပ်မဲ့ ပိုင်ဆိုင်မှုများကို စူးစိုက်မည် ဖြစ်သည်။
ယခုဘဏ္ဍာရေးနှစ်တွင် အထည်ကိုယ်ဒြပ်မဲ့ ပိုင်ဆိုင်မှု ပမာဏ အကြမ်းအားဖြင့် ယန်း ၉၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၇.၉ ဘီလျံ) အထိ ပိုမို ကြီးထွားမည် ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် အမေရိကန် ဆော့ဖ်ဝဲ ကုမ္ပဏီ Blue Yonder ကို ဝယ်ယူခဲ့ရာ အထည်ကိုယ်ဒြပ်မဲ့ ပိုင်ဆိုင်မှု ပမာဏ ယန်း ၁ ထရီလီယံအထက်သို့ လွတ်လွတ်ကင်းကင်း ရောက်ရှိသွားသည်။ ၂၀၂၀ ဘဏ္ဍာရေးနှစ်အကုန်တွင် မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုသည် ယန်း ၁ ဒသမ ၀၆ ထရီလီယံသာ ရှိခဲ့သည်။
Blue Yonder ကို ယန်း ၇၇၀ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။ Blue Yonder သည် ပစ္စည်းပေးသွင်း ကွင်းဆက် စီမံရေး ဆော့ဖ်ဝဲကို ကုန်ထုတ်လုပ်ငန်းများ၊ လောဂျစ္စတစ်ကုမ္ပဏီများအတွက် ပြုလုပ်ပေးသည်။ ၎င်းထံမှာ နှစ်စဉ်ကြေးဖြင့် ရယူသုံးစွဲနေကြသော လုပ်ငန်းများတွင် ကော်ဖီစားသောက်ဆိုင်လုပ်ငန်းကြီး Starbucks နှင့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Renault တို့ ပါဝင်သည်။ ဝင်ငွေ၏ ၇၀% ကို နှစ်စဉ်ကြေးများထံမှ ရရှိသည်။ Panasonic ကင်မရာများ ကဲ့သို့သော အင်္ဂါရပ်အသစ်များ ထပ်ဖြည့်ထည့်ပြီး လုပ်ငန်းချဲ့ထွင်မည့် အစီအစဉ် ရှိသည်။
အထည်ကိုယ်ဒြပ်မဲ့ ပိုင်ဆိုင်မှု intangible assets များ ဖြည့်ထည့်နေစဉ် Panasonic သည် အမြတ်ရနိုင်မှုနည်းပါးသည့် လုပ်ငန်းများကို ရှင်းထုတ်ပစ်နေသည်။ ၎င်းလုပ်ငန်းများ၏မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှု fixed assets များကို ငွေစာရင်းရှင်းတမ်းမှ နုတ်ပယ်သည်။ ဆိုလာဆဲလ် ထုတ်လုပ်ခြင်းကို ယခုဘဏ္ဍာရေးနှစ်တွင် နိဂုံးချုပ်ခဲ့သည်။ LCD liquid crystal display မျက်နှာပြင်များ ထုတ်လုပ်ခြင်းကိုလည်း အဆုံးသတ်ခဲ့သည်။
ဂျပန်နိုင်ငံ လုပ်ငန်းများရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဝင်ငွေ ရနိုင်စွမ်းအား ရင်းမြစ်များသည် လက်ဆုပ်လက်ကိုင်ပြုနိုင်သော ပိုင်ဆိုင်မှုများ မဟုတ်တော့ဘဲ လက်ဆုပ်လက်ကိုင်မပြုနိုင်သော ပိုင်ဆိုင်မှုများ ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။ အမေရိကန်နှင့် ဥရောပတို့တွင် ရင်းနှီးမြှုပ်နံမှုများ ၎င်းအရွေ့ကို ဂျပန်ထက် ပိုရွေ့ကြပြီးသား ဖြစ်နေသည်ဟု ဖော်ပြထားသည်။