Panasonic က စင်ကာပူမှာ ထုတ်လုပ်မှုအချို့ ပိတ်သိမ်းရန် လုပ်သားအင်အား ၇၀၀ အလုပ်မှ ရပ်ဆိုင်းမည်


23 September, 2021

Panasonic က စင်ကာပူမှာ ထုတ်လုပ်မှုအချို့ ပိတ်သိမ်းတော့မည်ဖြစ်ရာ လုပ်သားအင်အား ၇၀၀ အလုပ်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ 
စင်ကာပူတွင် လုပ်ကိုင်လျက် ရှိသော ရေခဲသေတ္တာသုံး ကွန်ပရက်ဆာ ထုတ်လုပ်မှုများကို ပိတ်သိမ်းပြီဖြစ်သဖြင့် ယခုလို လုပ်သားဦးရေ ၇၀၀ ကို အလုပ်မှ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

သို့သော် Panasonic က စင်ကာပူတွင် ထားရှိသည့် ရေခဲသေတ္တာသုံး ကွန်ပရက်ဆာ လုပ်ငန်းအတွက် ကမ္ဘာ့ရုံးချုပ်နှင့် သုတေသနှင့် ဖွံဖြိုးရေး လုပ်ကိုင်မှုများ ဆက်ရှိနေမည်ဟု ဆိုသည်။ 

စင်ကာပူသည် ကုမ္ပဏီအတွက် ဒေသဆိုင်ရာနှင့် အရေးပါသည့် အချက်အချာအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး လုပ်ငန်း အပိုင်းအကန့် အမျိုးမျိုးတို့တွင် လုပ်သားအင်အား ၁,၄၀၀ ကျော် တို့သည် လုပ်ငန်းစုတွင် ဆက်ရှိနေဦးမည်ဟု ပြောကြားသည်။ 

Panasonic က စင်ကာပူမှာ အာရှကစိဖိတ်ဒေသဆိုင်ရာ ရုံးချုပ်ကို ထားရှိသည်။ ယခု အလုပ်ရပ်ဆိုင်းခြင်းသည် စင်ကာပူရှိ ၎င်း၏ လုပ်သားအင်အားစု သုံးပုံတစ်ပုံ လျှော့ချလိုက်ခြင်း ဖြစ်သည်။ 

အလုပ်ရပ်ဆိုင်းခံရသူတို့တွင် ထုတ်လုပ်မှု ထိန်းချုပ်ရေးနှင့် လုပ်ငန်းစဉ် အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်သားများ ပါဝင်ပြီး အုပ်စု လေးစုခွဲကာ ၄၅ မိနစ်ကြာမြင့်သော အစည်းအဝေးဖြင့် အသိပေးခဲ့သည်။ 

အလုပ်ရပ်ဆိုင်းခံရသူတို့၏ ထက်ဝက်ခန့်သည် စင်ကာပူနိုင်ငံသားများ ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းသည် အမြဲတမ်းနေထိုင်သူများ permanent residents ဖြစ်ကြသည်။ 

ပထမအသုတ် အလုပ်ရပ်ဆိုင်းခံရသူများသည် လာမည့်နှစ် မတ်လ ၃၁ ရက်သည် နောက်ဆုံးနေ့ဖြစ်ပြီး ဒုတိယနှင့် နောက်ဆုံးအသုတ်သည် စက်တင်ဘာလ ၃၀ ရက်သည် နောက်ဆုံးနေ့ ဖြစ်သည်။ 

Panasonic  ကွန်ပရက်ဆာ ထုတ်လုပ်မှုများကို မလေးရှားနှင့် တရုတ် နိုင်ငံများတွင် ရှိပြီးသား စက်ရုံများမှာ ပေါင်းစည်းသွားမည်ဟု ဆိုသည်။ 

Panasonic Appliances Refrigeration Devices Singapore (PAPRDSG) ကို ၁၉၇၂ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် စတင်ထူထောင်ခဲ့သည်။ လောလောဆယ်တွင် အိမ်သုံး ရေခဲသေတ္တာများနှင့် အေးခဲသေတ္တာများအတွက် ကွန်ပရက်ဆာများကို စက်ရုံနှစ်ရုံတွင် ထုတ်လုပ်လျက် ရှိသည်။ 
 PAPRDSG မှ အကြံပေးတစ်ဦးဖြစ်သူ Mr Khoo Chew Thong က အလုပ်ရပ်ဆိုင်းခံရသူများတွင် ၆၀ ရာခိုင်နှုန်းခန့်သည် အသက် ၅၀နှစ်နှင့် အထက် ရှိသူများ ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်သည် အသက် ၃၀ နှင့် ၅၀ နှစ်ကြား ရှိသူများ ဖြစ်သည်ဟု ပြောပြသည်။ 


PAPRDSG သည် Panasonic လုပ်ငန်းစူ၏ စင်ကာပူရှိ အခြားကုမ္ပဏီများနှင့်အတူ အလုပ်ပြန်ခန့်ပေးနိုင်ရန် ဖြစ်နိုင်ခြေကို စူးစမ်းရှာဖွေမည်ဟု ၎င်းက ပြောကြားသည်။ 

“အလုပ်ပြန်ခနံဖို့ဆိုတာက အလုပ်ဌာနခွဲတွေထဲမှာ အလုပ်ခန့်ဖို့ နေရာအသင့်ရှိနေခြင်းနဲ့ အလုပ်နဲ့လုပ်သား ကိုက်ညီမှုတို့အပေါ်မှာမူတည်ပါတယ်” ဟု ပြောကြားသည်။  United Workers of Electronics and Electrical Industries ကိုလည်း အကြောင်းကြားထားပြီးပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

Panasonic ၏ ဒေသဆိုင်ရာ ရုံးချုပ်  Panasonic Asia Pacific ကို စင်ကာပူတွင် ၁၉၇၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှ ဒေသနှင့် ပစိဖိတ် ဒေသတို့၏ ဈေးကွက်များကို ကွပ်ကဲပေးသည်။ 
 

Source: straitstimes.com

Global News Read 11524 times