ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် coronavirus ကို ထိန်းချုပ်ရာတွင် အောင်မြင်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချီးကျူးဂုဏ်ပြုခြင်းခံရသည်။
သို့သော် ၂၀၂၁ ခုနှစ်အစတွင် အဆိုပါ အရှေ့တောင်အာရှ နှစ်နိုင်ငံအကြား မညီမျှမှုမှာ ကျယ်ပြန့်လာနေသည်။
ဗီယက်နမ်နှင့် ထိုင်းတို့အကြား ခြားနားချက်သည် လွန်ခဲ့သောနှစ်အနည်းငယ်က ပေါ်ပေါက်ခဲ့သော်လည်း ရောဂါကူးစက်မှုအတွင်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ ဗီယက်နမ်က ပိုသာလာခဲ့သည်။
သာဓကအဖြစ်မကြာသေးမီက Panasonic မှ ထိုင်းနိုင်ငံတွင် ထုတ်လုပ်နေသော အဝတ်လျှော်စက်များနှင့်ရေခဲသေတ္တာများထုတ်လုပ်မှုကိုရပ်တန့်ပြီး ဗီယက်နမ်နိုင်ငံရှိ ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းတွင် ပေါင်းထည့်ရန် ဆုံးဖြတ်ခဲ့သည်။
စီးပွားရေးအချက်အလက်များတွင်လည်း ကွာဟမှုကို တွေ့ရသည်။
ဗီယက်နမ်၏စုစုပေါင်းပြည်တွင်းထုတ်ကုန်သည် ၂၀၂၀ တွင် ၂.၉% တိုးတက်ခဲ့ပြီးထိုင်းနိုင်ငံ၏စီးပွားရေးသည် ၇.၈% ကျဆင်းဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က လတ်တလောခန့်မှန်းထားသည်။ ပိုမိုနက်ရှိုင်းသည့်အချက်အနေဖြင့် စီးပွားရေးနှစ်ခုသည် ကွဲပြားခြားနားသောလမ်းကြောင်းများသို့ ညွှန်ပြနေသည်ဟုဆိုနိုင်သည်။
Panasonic အတွက် ထိုင်းနိုင်ငံသည် အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကုမ္ပဏီသည် ၎င်း၏ ပထမဆုံးရေခြားမြေခြားထုတ်လုပ်မှုကို ထိုင်းနိုင်ငံတွင် စတင်ခဲ့ရာ ၁၉၆၁ ခုနှစ်တွင် စက်ရုံဖွင့်လှစ်ခဲ့သည်။
Panasonic သည် ထိုင်းနိုင်ငံတွင် ယာဉ်အစိတ်အပိုင်းများနှင့် ဘက်ထရီများ ထုတ်လုပ်သည့် စက်ရုံများ ရှိနေဆဲဖြစ်သော်လည်း ထုတ်လုပ်မှု နေရာအပြောင်းအရွှေ့သည် အစိုးရအား တုန်လှုပ်စေခဲ့သည်။ အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိရေးတွင် ပြိုင်ဘက်နိုင်ငံဟု ယူဆထားသော ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့ခြင်း ဖြစ်နေသည်။
ထုတ်လုပ်နိုင်စွမ်း ပမာဏအရ ကြည့်လျှင် ထိုင်းတွင် ရှိသော စက်ရုံများသည် ပမာဏ ကြီးမားပြီး ဗီယက်နမ်နိုင်ငံရှိ စက်ရုံများမှာ အလယ်အလတ်တန်းတွင် ရှိနေသည်။ ထိုနှစ်နိုင်ငံစလုံးမှ ထုတ်လုပ်သော ထုတ်ကုန်များကို အာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသို့ တင်ပို့သည်။
ယခုအပြောင်းအရွှေ့သည် ကိုဗစ်ကြောင့် မဟုတ်ချေ။ ရောင်းအားကြောင့် ဖြစ်မည်ဟု အချို့က သုံးသပ်သည်။
အချက်တစ်ချက်မှာ စျေးကွက်အရွယ်အစားဖြစ်သည်။ ယူကေမှ သုတေသနလုပ်ငန်း Euromonitor International က နှိုင်းယှဉ်တင်ပြခဲ့သည်မှာ ၂၀၁၂ ခုနှစ်တွင်
ဗီယက်နမ်ပြည်တွင်းဈေးကွက်တွင် ရေခဲသေတ္တာ ခုရေ ၂.၈ သန်းနှင့် အဝတ်လျှော်စက် ခုရေ ၂.၂၇ သန်းရောင်းချခဲ့ရသည်။
ထိုင်းပြည်တွင်းဈေးကွက်တွင် ရေခဲသေတ္တာ ခုရေ ၁.၉၂ သန်းနှင့် အဝတ်လျှော်စက် ခုရေ ၁.၇၅ သန်း ရောင်းချခဲ့ရသည်။
ထို့အပြင် ထိုင်းအိမ်ထောင်စုများ၏ ၉၂% သည် ရေခဲသေတ္တာများ ပိုင်ဆိုင်ကြပြီး ၇၀% တွင်အဝတ်လျှော်စက်များရှိသည်။ ဗီယက်နမ်တွင် အိမ်ထောင်စုများ၏ ၇၄% သည် ရေခဲသေတ္တာများ ပိုင်ဆိုင်ကြပြီး ၄၀ တွင်အဝတ်လျှော်စက်များရှိသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ဗီယက်နမ်နိုင်ငံတွင် ရောင်းအားတိုးတက်ရန် နေရာလပ်များစွာ ကျန်ရှိနေသည်။
လုပ်သားခသည် ဗီယက်နမ်တွင် မြင့်တက်လာနေသော်လည်း ထိုင်းနိုင်ငံရှိ လုပ်သားခ၏ ၆၀% သာ ရှိသည်။ သို့ဖြစ်ရာ ထိုင်းထက် ဗီယက်နမ်က လုပ်သားခ သက်သာသည်။
ထိုင်းသည် ‘အာရှကုန်ထုတ်စက်ရုံ’ အဖြစ်သို့ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးခဲ့သည်။ ဗီယက်နမ်သည် ကုန်ထုတ်လုပ်မှု အခြေစိုက်သည့်နေရာ ဖြစ်လာခဲ့သည်မှာ ၂၀၀၇ ခုနှစ်မှာ ဖြစ်ရာ ထိုင်းထက် များစွာနောက်ကျသည်။ ထိုနှစ်မှာ ဗီယက်နမ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်က ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိခြင်းတွင် ထိုင်းကို ကျော်တက်သွားသည်။ ပြည်ပတင်ပို့မှုတွင် ၂၀၁၈ ခုနှစ်မှာ ထိုင်းထက် ပိုသာသွားသည်။
အမေရိကန်ိ-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ကိုဗစ်ကပ်ရောဂါတို့က တရုတ်နိုင်ငံမှ စက်ရုံများ အခြားအာရှနိုင်ငံများသို့ ရွှေ့ပြောင်းကြခြင်းကို အရှိန်တက်စေခဲ့ပြီး ဗီယက်နမ်က အခွင့်ကောင်းကို အရယူနိုင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့သည့် အရေအတွက်နှင့် ပမာဏတို့က ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသည်ထက် ပိုများနေသည်။
ထိုနှစ်နိုင်ငံတို့၏ ပြည်ပပို့ကုန် လမ်းကြောင်းများ ကွာခြားနေသည်က အခြေစိုက်ရန် နေရာ ရွေးချယ်မှုတွင် ထည့်စဉ်းစားစရာဖြစ်သည်။ ဗီယက်နမ်နိုင်ငံ ပို့ကုန်ပမာဏ၏ ၄၀% ဝန်းကျင်သည် အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ တင်ပို့လျက်ရှိသည်။ ထိုင်းနိုင်ငံ ပို့ကုန်ပမာဏ၏ ၃၀%သည် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့သည်။
၂၀၁၉ ခုနှစ်ကို ကြည့်လျှင် မဲခေါင်ဒေသ နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်တို့ ပါဝင်သည့် CLMV အတွင်း ကုန်သွယ်မှုများတွင် ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလျံ ရှိခဲ့သည်။ ကျန်သည့်နေရာများတွင် ကုန်သွယ်ရေး လိုငွေပြခဲ့သော်လည်း စုစုပေါင်းအရကြည့်လျှင် ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးသည် ပိုငွေ အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရှိသည်။
CLMV အတွင်း ကုန်သွယ်မှုများတွင် ထိုင်းသည် ဗီယက်နမ်နှင့် ကုန်သွယ်ရာတွင် ပိုငွေ အမေရိကန်ဒေါ်လာ ၆.၇ ဘီလျံ ရှိခဲ့သည်ဖြစ်ရာ CLMV တစ်ခုလုံးအရ ကုန်သွယ်မှုများတွင် ပြသည့် ပိုငွေ၏ ထက်ဝက်ကျော် ရှိသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ပြုလုပ်သည် made in Thailand ထုတ်ကုန်များကို လူကြိုက်များကြခြင်းကြောင့် ဗီယက်နမ် ပြည်တွင်းဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် ကုန်စည်များ ရောင်ပန်းလှသည်။ ရောင်းအားကောင်းသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံရာတွင် ဗီယက်နမ်က ထိုင်းထက် ပမာဏ များသော်လည်း ထိုင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုပြုသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။ ထိုင်းနိုင်ငံတွင် ရရှိသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏထက် ထိုင်းနိုင်ငံမှ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများက ပိုများနေခဲ့သည်မှာ ၂၀၁၉ ခုနှစ်တွင် လေးနှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ပမာဏမှာ မလေးရှားနိုင်ငံထက် ပိုများသည်။ အရှေ့တောင်အာရှတွင် စင်ကာပူက အများဆုံး ဖြစ်ပြီး ထိုင်းက ဒုတိယနေရာတွင် ရှိသည်။
ထိုင်းမှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုရာတွင် ဗီယက်နမ်နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုသည်။ Chang (ဆင်တံဆိပ်ဘီယာ) ဘီယာကို ထုတ်လုပ်သည့် Thai Beverage Public ၊ လက်လီအရောင်းလုပ်ငန်း Central Group ၊ ဘီလပ်မြေလုပ်ငန်းကြီး Siam Cement Group တို့သည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိသည်။
ထိုင်းနိုင်ငံမှ ကုမ္ပဏီများသည် မဲခေါင်ဒေသ ဈေးကွက်တွင် လုပ်ကိုင်လျက်ရှိရာ အဓိကကျသည့် ဈေးကွက်တစ်ခု အဖြစ်သို့ ရောက်ရှိနေသည်။ မဲခေါင်ဒေသ လူဦးရေတွင် ထိုင်းနိုင်ငံ လူဦးရေကိုပါ ထည့်တွက်လျှင် သန်း ၂၄၀ ရှိနေသည်။ မဲခေါင်ဒေသသည် ကုန်းမြေချင်း ထိစပ်နေသည့် နိုင်ငံများ ဖြစ်နေခြင်းက ထိုင်းနိုင်ငံ ထုတ်ကုန်များအတွက် စီးဆင်းဖို့ အဆင်ပြေနေစေသည်။
သို့ဖြစ်ရာ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်လုပ်ငန်း ၅,၅၀၀ ဝန်းကျင်အတွက် မဲခေါင်ဒေသသည့် အရေးပါသည့် ဈေးကွက် ဖြစ်နေပြီး CLMV မှ ဗီယက်နမ်နိုင်ငံ ဈေးကွက်သို့ ထိုင်းနိုင်ငံမှ တင်ပို့ခြင်းအစား ဗီယက်နမ်နိုင်ငံတွင် ရှိနေသည့် စက်ရုံတွင် ရွှေ့ပြောင်း လုပ်ကိုင်ခြင်းက ပိုအလုပ်ဖြစ်မည် ဖြစ်သည်။