ပန်းတော် မြစ်တွင်းအပျော်စီးသင်္ဘောလုပ်ငန်းပြန်စမည်


19 December, 2021

ပန်းတော် မြစ်တွင်းအပျော်စီးသင်္ဘော ပြန်လည်ပြေးဆွဲမည်။

အာရှ မှ မြစ်များအတွင်း ပြေးဆွဲသည့် ဇိမ်ခံအပျော်စီးသင်္ဘောလုပ်ငန်း ပန်းတော် Pandaw ကို ၂၀၂၂ တွင် ပြန်လည်ပြေးဆွဲမည်ဟု အသိပေးကြေညာသည်။


Pandaw က လွန်ခဲ့သည့် အောက်တိုဘာလတွင် အရင်းအနှီး ထည့်ဝင်မည့်သူ မရနိုင်သောကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


ပန်းတော်ကို ပိုင်ဆိုင်လုပ်ကိုင်နေသည့် Strachan မိသားစုကို ကူညီရန်အလို့ငှာ ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်း ဆက်လက်ရပ်တည်ရန်အတွက် ကုန်ကျစရိတ်များ၊ သင်္ဘောများ ရပ်နားထားစဉ် ကုန်ကျစရိတ်များ၊ ၂၀၂၂ တွင် သင်္ဘောပြန်လည်ပြေးဆွဲရန်အတွက် ပြုပြင်မွမ်းမံရမည့် ကုန်ကျစရိတ်များအတွက် အရင်းအနှီး ထည့်ဝင်ပေးကြမည် ဖြစ်သည်။
လုပ်ငန်းကို Strachan မိသားစု လက်ထဲတွင် ဆက်လက်ထားရှိမည်။

ခရီးသွားလာခြင်းများကို တားမြစ်ပိတ်ပင်ထားသည်များ ပြန်ဖွင့်ပေးပြီးသည့်အခါ ဈေးကွက်ဆိုင်ရာ လုပ်ကိုင်မှုများ ပြန်လည်စတင်မည်။

Pandaw သည် အာရှတွင် ခရီးသည်တင်သင်္ဘောများ ပြေးဆွဲမှု နည်းပါးသော မြစ်တွင်းခရီးစဉ်များကို အပန်းဖြေခရီးထွက်ရန် သင်္ဘောများ ပြေးဆွဲသည်။
ကိုဗစ်ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် လည်းကောင်း သင်္ဘောပြေးဆွဲခြင်း ရပ်ဆိုင်းထားခဲ့ရပြီး ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့သဖြင့် လုပ်ငန်းပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ရကြောင်း အသိပေးကြေညာခဲ့သည်။

ထိုအချိန်မှစ၍ Pandaw သည် ပုံမှန်ခရီးသည်များထံမှ ရာနှင့်ချီသော စေတနာရှေ့ထားပြီး အားပေးသည့် စာတို (message)များ အမြောက်အမြား ပေးပို့ကြသည်ကို လက်ခံရရှိခဲ့သည်ဟု သင်္ဘောလိုင်းက ပြောကြားသည်။

သတင်းထုတ်ပြန်ချက်တွင် Pandaw ထူထောင်သူ Paul Strachan က ၂ နှစ်ဒုက္ခရောက်နေခဲ့ပြီးနောက် စိတ်ဓာတ်မြှင့်တင်ပေးသည့်အတွက်အားပေးကြသူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

"Pandaw အသိုင်းအဝန်းရဲ့ မယုံနိုင်လောက်စရာ ပံ့ပိုးကူညီမှုတွေ၊ ကျွန်ုပ်တိုရဲ့ မယုံနိုင်စရာ အတွေ့အကြုံ အမှတ်တရများ ဖြစ်ပေါ်စေအောင် ကြင်နာတဲ့ စကားလုံးတွေ အများကြီးကိုသာ မရခဲ့ရင် ကျွန်ုပ်တို့ လက်မြှောက်အရှုံးပေးရလိမ့်မယ် ထင်ပါတယ်" ဟု ပြောကြားသည်။

အာရှနိုင်ငံအချို့တွင် Pandaw ၏ သင်္ဘော ၁၇ စီး ရှိနေပြီး လုပ်ငန်းပြန်စမည် ဖြစ်သည်။ အိန္ဒိယ၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသူများဖြစ်သော ခရီးသွားများကို လာရောက်ရန် ခွင့်ပြုထားသည်။
မဲခေါင်မြစ် အထက်ပိုင်းတွင် Pandaw ပြေးဆွဲသည့် သင်္ဘောလိုင်း ရှိပြီး ထိုဒေသတစ်စိတ်တစ်ပိုင်းကို ၂၀၂၂ ဇန်နဝါရီလတွင် ခရီးသည်များ လာရောက်နိုင်ကြမည်ဖြစ်ပြီး ၂၀၀၂ ခုနှစ်အတွင်း အပြည့်အဝ ပြန်ဖွင့်လိမ့်မည်ဟု Pandaw က ပြောကြားသည်။
၂၀၂၂-၂၃ ရာသီအတွက် ကြိုတင်လက်မှတ် ဝယ်လိုအား အားကောင်းကြောင်း၊ ကပ်ရောဂါ မတိုင်ခင်က ကြိုတင်လက်မှတ် ယူထားသူများက ယခုအခါ re-booking ပြန်ယူကြသဖြင့် အချို့ခရီးစဉ်များ လူပြည့်နေပြီဖြစ်ကြောင်း Pandaw က ပြောကြားသည်။

 

ဆက်စပ်ဖတ်ရှုရန်ခေါင်းစဉ်ကို ထိပါ

မြစ်တွင်းအပျော်စီးသင်္ဘော အော်ပရေတာ ပန်းတော် လုပ်ငန်းဖျက်သိမ်း

Investment/Divestment Read 2178 times