ပုသိမ်စက်မှုဇုန် စက်ရုံများ ယာယီပိတ်မည် မဟုတ်သေး အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ရန်သာ စက်ရုံများမှညွှန်ကြားနေ


05 February, 2021

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်အတွင်းတည်ရှိသည့် စက်ရုံနှစ်ရုံတွင် Covid-19 ပိုးတွေ့လူနာများတွေ့ရှိလာရပြီးနောက် အလုပ်သမားများအနေဖြင့် ရန်ကုန်ကဲ့သို့စက်ရုံများယာယီပိတ်ပေးရန် တောင်းဆိုနေကြသော်လည်း စက်ရုံမန်နေဂျာများမှ ယာယီပိတ်ရန်အစီအစဉ်မရှိသေးဘဲ လုပ်ငန်းခွင်ပြန်ဝင်ရန်သာညွှန်ကြားနေကြောင်းအလုပ်သမားများ ထံမှသိရပါတယ်။

"အခုစက်ရုံကမပိတ်ပေမဲ့အလုပ်သမားတွေကကြောက်လို့မဆင်းကြတဲ့လူတွေတောင်တနင်္လာနေ့အလုပ်ပြန်ဆင်းရမယ်ပြောတယ်။ မဆင်းရင် ခွင့်မဲ့တွေနဲ့ထုတ်မယ်တဲ့။ဒီနေ့မန်နေဂျာအစည်းအဝေးသွားတက်ပြီးပြန်လာတော့ စူပါတွေကိုပြောတယ်တဲ့ စက်ရုံပိတ်ဖို့ကဘာမှသေချာတဲ့အဖြေမထွက်ဘူးတဲ့။ပြည်ထောင်စုညွှန်ကြားချက်နဲ့ပိတ်ဆိုမှသာပိတ်မှာလို့သိရတယ်"ဟု He Shan စက်ရုံအလုပ်သမားသမဂ္ဂဥက္က မမူကပြောပါတယ်။

 

ပုသိမ်စက်မှုဇုန်အတွင်းတည်ရှိသည့် စက်ရုံနှစ်ရုံတွင် Covid-19 ပိုးတွေ့လူနာများတွေ့ရှိလာရပြီးနောက် ရန်ကုန်ကဲ့သို့စက်ရုံများယာယီပိတ်ပေးရန် အလုပ်သမားများစုပေါင်းလက်မှတ်ထိုး၍ အစိုးရသို့ပေးပို့ကာတောင်းဆိုသွားရန်စိစဉ်နေကြောင်းသိရပါတယ်။

 

"အလုပ်သမားတွေကစက်ရုံမပိတ်သေးလို့ပြောနေတာပေါ့။ကျွန်မတို့အနေနဲ့ စက်ရုံတွေယာယီပိတ်ပေးဖို့လက်မှတ်တွေကောက်နေတာတွေလည်းလုပ်နေတယ် ။တစ်ဖက်မှာလည်း အလုပ်သမားတွေရဲ့သဘောဆန္ဒကို ကျွန်မတို့Acc တွေကနေလည်းစစ်တမ်းတွေယူနေပါတယ်"ဟုအလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခက ပြောပါတယ် ။

 

ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦစီးဌာနမှတော့ စက်ရုံများအား ၁၄ ရက်ခန့်ယာယီပိတ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့အကြံပြုထားပြီးလက်ရှိ Covid-19 လူနာတွေ့ရှိထားသည့်စက်ရုံနှစ်ရုံသည်လူအင်အားများကြပြီး He Shan စက်ရုံသည် အလုပ်သမား၈၀၀ ဝန်းကျင်ဖြင့်လည်ပတ်နေသည့်အထည်ချုပ်စက်ရုံတစ်ရုံဖြစ်ပြီး ဒေါင်းလောင်းစက်ရုံသည် အလုပ်သမားနှစ်ထောင်ဝန်းကျင်ဖြင့်လည်ပတ်နေသော အထည်ချုပ်စက်ရုံဖြစ်ပါတယ်။

 

MyanmarLabourNews

Local News Read 490 times