ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရဲ့ ဧက ၂၇၀၀ မှာတည်ဆောက်နေတဲ့ စက်မှုမြို့တော်စီမံကိန်း ဧရိယာအတွင်းမှာ အထည်ချုပ်စက်ရုံတွေ စတင်တည်ဆောက်နေပြီး အထည်ချုပ်စက်ရုံ အားလုံးတည်ဆောက်ပြီးပါက လုပ်သား ၅ သောင်းမှ ၁ သိန်းလောက်အထိ အလုပ်အကိုင်တွေရရှိမှာဖြစ်ပါတယ်။
ထည်ချုပ်စက်ရုံတွေကို Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ) နဲ့ တရုတ်နိုင်ငံ Textile City Group ကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုးပြီး CNQC Construction (Myanmar) က တာဝန်ယူတည်ဆောက်နေတာဖြစ်ပါတယ်။ စက်ရုံပေါင်း ၅၀ တည်ဆောက်မှာဖြစ်ပြီး အထည်ချုပ်စက်ရုံတစ်ရုံကို လုပ်သား ၁၀၀၀ ကနေ ၂၀၀၀ ထိ ခန့်အပ်သွားမှာဖြစ်ပါတယ်။
“ အခုစတင်ပြီး စက်ရုံနှစ်ရုံက ဖောင်ဒေးရှင်းပိုင်းမှာပဲ ရှိသေးပါတယ်။ အဲ့ဒီနှစ်ရုံကတော့ သြဂုတ်လအပြီး တည်ဆောက်သွားမှာပါ။ စာချုပ်ချုပ်ထားတာတော့ စက်ရုံပေါင်း ၅၀ပါ။ အထည်ချုပ်နဲ့ပတ်သတ်တဲ့ စက်ရုံတွေပါပဲ” လို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်း မန်နေဂျင်းဒါရိုက်တာ ဦးစည်သူစိုးက ပြောပါတယ်။
အထည်ချုပ်စက်ရုံ ၅၀ ရုံမှာ ကြယ်သီးစက်ရုံ၊ ဂျိတ်ဆက်ရုံ၊ အပ်ချည်စက်ရုံ၊ အထည်ချုပ်စက်ရုံ စတဲ့အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်တဲ့ စက်ရုံတွေဖြစ်ပြီး တည်ဆောက်ပြီးပါက ပလတ်စတစ်ကုန်ကြမ်း စက်ရုံတည်ဆောက်ရန် သဘောတူထားပါတယ်။ ဒါ့ပြင် ဆိပ်ကမ်းတည်ဆောက်မှုလုပ်ငန်းတွေကို အပိုင်းလိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကနဦးတည်ဆောက်မယ့် စီမံကိန်းစက်ရုံများအားလုံးကို မြေဧက ၅၀၀ အပိုင်းမှာ ပါဝင်မယ်လို့ သိရပါတယ်။
ပုသိမ်စက်မှုမြို့တော်စီမံကိန်းရဲ့ ဧရိယာမြေဧက ၂၇၀၀ မှာ အထည်ချုပ်စက်ရုံ၊ ပေါင်းဆန်စက်ရုံ၊ ရေထွက်ပစ္စည်း အအေးခန်းစက်ရုံ၊ မှန်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ပရိဘောဂစက်ရုံ၊ ဘိလပ်မြေစက်ရုံ စတဲ့စက်ရုံတွေ ပါဝင်မှာပါ။
ဒါအပြင် နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုလည်း တည်ဆောက်သွားမှာ ဖြစ်တယ်လို့ Ayeyarwaddy Development Public Co.,Ltd (ဧရာဝတီဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ) ကပြောပါတယ်။
DVB