ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်ကိုဖြတ်၍ တည်ဆောက်မည့် ပုသိမ်မြစ်ကူး တံတား သစ်ကို ၂ နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သတင်း ရရှိသည်။
ပုသိမ်မြစ်ကူး တံတား
ပုသိမ်မြစ်ကူး တံတား အမှတ် ၂ တည်ဆောက်ရေးအတွက် ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ မြေလွှာများ တိုင်းတာ စစ်ဆေးခြင်း၊ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့်နေအိမ်များ ဖျက်သိမ်းရွှေ့ပြောင်းရေးအတွက် ဧရာဝတီတိုင်းအစိုးရက ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ပြီးနောက် လက်ရှိ ပုသိမ်မြို့ဘက်ခြမ်း၌ တံတားစီမံကိန်း စတင်ရန် လိုအပ်သည့် အခြေခံအဆောက်အဦးများ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
“ပုသိမ်မြစ်ကူးတံတားဆောက်ဖို့အတွက် Soil Test (မြေဆီလွှာစမ်းသပ်တာ) လုပ်ပြီးသွားပြီ။ ဘတ်ဂျက်ကတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်မှာပါ။ မကြာခင် ပန္နက်ရိုက်တာတွေ လုပ်ပါမယ်။ ကျနော်တို့ မှန်းထားတာတော့ ၂ နှစ်လောက်နဲ့ အပြီးဆောက်ဖို့ မှန်းထားတယ်။ အသေး စိတ်တော့ မထွက်သေးဘူးပေါ့နော်။ ဒီဇိုင်းနဲ့ ဘတ်ဂျက်အပေါ် အခြေခံပြီး ဆောက်သွားမှာ ပါ”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
ပုသိမ်မြစ်ကူး တံတား အမှတ် ၂ ကို ပြည်ထောင်စုလွှတ်တော်မှချထားပေးသည့် ဘတ်ဂျက်ကျပ်သိန်း ၄သောင်း(ကျပ် ၄ဘီလီယံ) အကုန်အကျခံ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၆ က တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
တည်နေရာ
မြစ်ကူး တံတားသစ်မှာ လူစည်ကားသည့် ပုသိမ်မြို့တော်ခန်းမဘေးရှိ မဟာဗန္ဓုလလမ်းနှင့် ရွှေစည်းခုံ ဘုရားလမ်းဆုံမှ ပုသိမ် တဖက်ကမ်း အမှတ် ၉ နယ်မြေ စိန်ကုန်းရပ်ကွက်၊ စိန်ရတနာလမ်းမကြီး တို့ကို ဆက်သွယ်၍ တည်ဆောက်သွားမည် ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ရပ်ကွက်နယ်မြေ ၁၅ ခု ရှိသည့်အနက် အမှတ် ၉ နှင့် အမှတ် ၁၀ နယ်မြေများမှာ ပုသိမ်မြို့တဖက်ကမ်းတွင် တည်ရှိ၍ မြစ်ကူးတံတား မရှိသည့်အတွက် အဆိုပါ နယ်မြေ ၂ ခုအပါအဝင် ပုသိမ် တဖက် ကမ်းရှိ ကျေးရွာများမှာ မြို့ပေါ်သို့လာရောက်ရန်အတွက် ကူးတို့ဖြင့်သာ နေ့စဉ်ဖြတ်ကူး၍ သွားလာနေရသည်။
ပုသိမ်မြို့ ငဝန်မြစ်ကူးတံတားအသစ် တည်ဆောက်ပြီးပါက တဖက်ကမ်းရှိ ရပ်ကွက်နယ်မြေ ၂ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၀ ကျော်မှ ဒေသခံများမှာ ငဝန်မြစ်ကို လွယ်ကူစွာဖြတ်သန်းသွားလာနိုင် မည်ဖြစ်ပြီး ပုသိမ်တဖက်ကမ်း ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ တစထက်တစ နေထိုင်သူဦးရေ တိုးလာသည့် ပုသိမ်မြို့ဧရိယာလည်း ပိုမိုကျယ်ပြန့်လာ မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်း အစိုးရအဖွဲ့က ပြောသည်။
“ပုသိမ်မြို့တွင်းမှာ မြစ်ကူးတံတားတည်ဆောက်ရတဲ့ အဓိကရည်ရွယ်ချက်က ပုသိမ်မြို့ဟာ နောင်တချိန်ကျရင် လူဦးရေ ထူထပ်များပြားလာမယ်။ အဲဒီကျရင် မြို့ကိုချဲ့ဖို့လိုတယ်။ အခု လောလော ဆယ်က ဒီဘက်ကမ်းက မြို့လယ်ခေါင်ဖြစ်နေ တယ်။ တံတားထိုးလိုက်ခြင်းအားဖြင့် ဟိုဘက်ကမ်း ရော ဒီဘက်ကမ်းရော မြို့လယ်ခေါင် ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက် သွားဖို့ကို ရည်ရွယ်ပြီးလုပ်ဆောင် တာပါ”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ဖျက်သိမ်း
တံတားတည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းပေးရမည့် ပုသိမ်တဖက် ကမ်း အမှတ် ၉ နယ်မြေ၊ စိန်ကုန်းရပ်ကွက်မှ နေအိမ်ပိုင်ရှင် မိသားစု ၅၀ ကို ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံရာ နေအိမ်ပိုင်ရှင်များက တံတားစီမံကိန်းကို သဘောတူကြောင်းနှင့် ဖျက်သိမ်းပေးရမည့် နေအိမ်များအတွက် ထိုက်တန်သည့်အစားထိုး မြေနေရာများ၊ နစ်နာကြေးများကို အစိုးရအနေဖြင့် အကောင်းဆုံး ကူညီဆောင်ရွက်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
“တံတားတည်ဆောက်ရေးနဲ့ပတ်သတ်ပြီး စိန်ကုန်ဘက်ခြမ်းက စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မိသားစု တွေနဲ့လည်း နောက် တကြိမ် ထပ်တွေ့ဦးမှာပါ။ ဒီဘက်ကမ်းမှာလည်း ဟိုတယ်ခရီး၊ ဆိပ်ကမ်းအာဏာ ပိုင် ဌာနတွေက ငှားရမ်းထားတဲ့ ဆိုင်ခန်း တွေလည်း ရှိပါတယ်။ ဒီဘက်ကမ်းက ဆိုင်ခန်း ၉ ခန်းနဲ့ ပါဝင်နေတဲ့ ဆိုင်သမားတွေ ကိုလည်း တွေ့ဖို့ရှိပါတယ်။ ကျနော်တို့က ပြည်သူကို လေးစားရမှာပါ။ ပြောင်းရွှေ့ပေးရသည့်တိုင်အောင် သူတို့ အခက်အခဲတွေကို ကျနော်တို့ တတ်နိုင်သမျှ ကူညီဖြေရှင်းပေး ဖို့ရှိပါတယ်”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
စိုးရိမ်
ပုသိမ်မြစ်ကူးတံတား အမှတ် ၂ တည်ဆောက်ပြီးစီးပါက ငွေဆောင်၊ ချောင်းသာကမ်းခြေအပါအဝင် အနောက်ဖက်ကမ်း ခြေ ဒေသများသို့ သွားလာမည့်မော်တော်ယာဉ်များမှာ ပုသိမ်မြို့တွင်းလမ်းများကို အသုံးပြု သွားလာမှုများ ဖြစ်လာနိုင် သည့် အတွက် ပုသိမ်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်မည်ကို ပုသိမ်ဒေသခံများက စိုးရိမ်နေကြသည်။
“မဟာဗန္ဓုလလမ်းမကြီးတလျှောက် မြို့တွင်းလမ်းတွေက အရမ်းကျဉ်းတယ်။ အထူးသဖြင့် ကျောင်း ဆင်းချိန် တွေဆို လမ်း တွေပိတ်၊ ကားတွေကြပ်ကုန်တာ။ တံတားသစ်ပြီးလို့ ငွေဆောင်၊ ချောင်းသာနဲ့ အနောက်ဖက် ကမ်းခြေဒေသ တွေသွားတဲ့ အိမ်စီးကားတွေ၊ အဝေးပြေးကားကြီးတွေ မြို့ထဲကဖြတ် မယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မှာ ကျိန်းသေပဲ။ အစိုးရအနေနဲ့ ယာဉ်ကြော ပိတ်ဆို့မှု တွေမဖြစ်အောင် ကြိုတင် အစီအမံရေးဆွဲပြီး လုပ်ဆောင်ထားဖို့ မျှော်လင့်ပါတယ်”ဟု ပုသိမ်မြို့ခံ ယာဉ်မောင်း ကိုစည်သူက ပြောသည်။
ပြန်လည်အဆင့်မြှင့်တင်
အစိုးရအနေဖြင့် ပုသိမ်ကြိုးတံတားအဟောင်းကို ပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေ သွားရောက်မည့်ကားများ၊ ကုန်တင်ယာဉ်များကို ပုသိမ်မြို့ပြင်လမ်းမှ ပေးသွားမည်ဖြစ်ကာ ပုသိမ်မြို့တွင်း၌ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။
လက်ရှိသွားလာနေမှု
လက်ရှိတွင် ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ မြို့များ အပါအဝင် အနောက်ဘက်ကမ်းခြေဒေသများသို့ အဓိကဆက်သွယ်ပေးထားသည့် ပုသိမ်ကြိုး တံတားမှာ ခံနိုင်ဝန် လျော့ကျလာ သည့်အတွက် တန် ၂၀ နှင့် တန် ၂၀ အောက်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။
irrawaddy