PDF ဖြင့် ထုတ်ပေးမည့် ဟောင်ကောင်  e-visa ပထမအဆင့် စတင်


27 December, 2021

PDF ဖြင့် ထုတ်ပေးမည့် ဟောင်ကောင်  e-visa ပထမအဆင့် စတင်

ဟောင်ကောင် ဗီဇာကို 'e-visas ဖြင့် ပထမအဆင့် စတင်မှာ ဖြစ်ပြီး ဟောင်ကောင်သို့ လာရောက်မယ့် အိမ်အကူများနဲ့ ပညာသင်များအပြင် Admission Scheme for the Second Generation of Chinese Hong Kong Permanent Residents တို့ကို PDF ဖြင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခုစနစ်မှာ ဗီဇာသက်တမ်းတိုးအတွက်လည်း အကျုံးဝင်ပါတယ်။


ဗီဇာအမျိုးအစား အားလုံးကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ထုတ်ပေးဖို့ အစီအစဉ် ရှိပါတယ်။

ဗီဇာလျှောက်ဖို့ သတ်မှတ်ချက်များကို ပြည့်မီသူများသည် အွန်လိုင်းတွင် လျှောက်ထားနိုင်ပြီး ဗီဇာကြေးကိုလည်း အွန်လိုင်းမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
 
 လျှောက်ထားသူများအနေဖြင့်  ဌာနရဲ့ ဝဘ်ဆိုဒ် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းအပြင် GovHK ဝဘ်ဆိုဒ်တွင် လျှောက်လွှာပုံစံများ တင်ရမှာ ဖြစ်ပါတယ်။ 

ဗီဇာကို လျှောက်ထားသူ ပေးထားတဲ့ အီးမေးလ်ထံ PDF စာရွက်စာတမ်းဖြင့် ပို့ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်ပေါ်မှာ ဗီဇာကို ကပ်ပေးတာအစား PDF ကိုသာ အသုံးပြုတော့မှာ ဖြစ်ပါတယ်။

PDF မှာ ဝှက်စာပါ ကြူအာကုဒ် encrypted QR code ပါဝင်ပြီး သက်ဆိုင်ရာဌာနရဲ့ အက်ပ်ဖြင့်သာ ဝှက်စာကို ဖော်ပြီး အချက်အလက်များ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ QR Code ကို အတုဖန်တီးဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

အွန်လိုင်းမှာ ဖောင်တွေဖြည့်တဲ့အခါ တစ်ထိုင်တည်း အပြီးအစီး မလုပ်ရင်လည်း ရပါတယ်။ ဖြည့်ပြီးသလောက်ကို သိမ်းထားပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပြန်ဝင်ပြီး ဆက်လက်လုပ်ကိုင်လို့ရပါတယ်။ အချိန် ၂ပတ်အထိ ခွင့်ပြုထားပါတယ်။

PDFဗီဇာကို ဖုန်းထဲမှာ ထည့်ယူလာဖို့ အခက်အခဲရှိရင် print out ထုတ်ပြီး တစ်ပါတည်းသယ်ဆောင်လာရမှာ ဖြစ်ပါတယ်။
ဗီဇာလျှောက်ထားရန် လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ အခကြေးတွေက အရင်အတိုင်းပဲဖြစ်ပြီး အပြောင်းအလဲ မရှိဘူးလို့ ဆိုပါတယ်။

Laws and Regulations Read 608 times