အိန္ဒိယမှ ဝယ်လိုအားရှိနေသော်လည်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းတည်ငြိမ်နေ


09 July, 2018

ပြည်တွင်းဈေးကွက်တွင် အိန္ဒိယကုန်သည်များ၏ ဝယ်လိုအားရှိနေသော်လည်း မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းတည်ငြိမ်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံ ကို ပုံမှန်ဝယ်ယူနေသော်လည်း ဈေးတိုးမပေးခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်နေသည်ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံက ပြည်ပမှ မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲစီနှင့် ပဲစင်းငုံတန်ချိန် နှစ် သိန်းတင်သွင်းရန် စီစဉ်ထားသည်။ သို့သော် အိန္ဒိယကုန်သည် များက ခွဲတမ်းရထားသော မတ်ပဲ တန်ချိန် တစ်သိန်းခွဲကို မြန်မာနိုင်ငံမှ ဝယ်ယူရာတွင် မတ်ပဲတစ် တန်လျှင် ကန်ဒေါ်လာ ၃၁၀ အထိသာ ဈေးပေးခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ကျပ်လေး သိန်းလေးသောင်းသာ ဈေးရရှိသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ရှိ ပဲကုန်သည်တစ်ဦးက ပြောသည်။

မတ်ပဲကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံတွင်သာ စိုက်ပျိုးခြင်းကြောင့် ပြည်ပမှ တင်သွင်းမည့် ခွဲတမ်းကြေညာချက် ထွက်ပေါ်လာချိန်တွင် ဈေးနှုန်းမြင့်တက်မည်ဟု ကုန်သည်များက မျှော်လင့်ခဲ့သော်လည်း တစ်လကျော် ချိန်တွင် ဈေးနှုန်းပြန်လည် ကျဆင်းခဲ့သည်။

အိန္ဒိယကုန်သည်များ၏ ဝယ်လိုအားထက် မြန်မာနိုင်ငံမှ ကုန်သည်များ၏ ရောင်းချလိုသည့် ပမာဏပိုများနေခြင်းကြောင့် မတ်ပဲဈေးနှုန်း ပြန်လည်ကျဆင်းရသည်ဟု ပဲကုန်သည်အချို့က ပြောသည်။

မတ်ပဲဈေးလျော့နည်းသော်လည်း ပဲစင်းငုံ ပြည်တွင်းလက်ကျန်နည်းခြင်းကြောင့် အိန္ဒိယကုန်သည်များက တစ်တန်လျှင် ကန်ဒေါ်လာ ၃၆၀ ဖြင့် ဝယ်ယူနေသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသိန်းရှစ်သောင်းခွဲအထိ ဈေးရရှိသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံသို့ ၂၀၁၈ ဧပြီမှ ဇွန်လအထိ သုံးလအတွင်း မတ်ပဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကျော် တင်ပို့ထားသည်။ ၎င်းတင်ပို့မှုပမာဏက အိန္ဒိယအစိုးရ၏ ပြည်ပမှ ပဲတင်သွင်းမည့်ခွဲတမ်းနှင့် သက်ဆိုင်မှုမရှိကြောင်း ကုန်သည်အချို့က ပြောသည်။

7 Day Daily

Export, Import Read 723 times