မလေးရှားမှ Petronas က မြန်မာသို့ LNG ပေးပို့မှု စတင်


08 June, 2020

မလေးရှားမှ Petronas က ပထမဆုံးအကြိမ်အဖြစ် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို မြန်မာနိုင်ငံသို့ ပေးပို့သည်။ Petronas LNG Ltd, သည် မလေးရှားမှ နိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီး LNG ကို ရန်ကုန်မြို့သို့ အရောင်းအဝယ် သဘောတူညီချက်အရ မေလ တွင် တစ်ကြိမ်၊ ဇွန်လ တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပေးပို့ရန် အစီအစဉ် ရှိထားသည်။ ထို့အတွက် ဖက်စပ်ကုမ္ပဏီဖြစ်သော CNTIC VPower နှင့် သဘောတူလက်မှတ်ရေးထိုးထားသည်။

မလေးရှားနိုင်ငံ အရှေ့ခြမ်း ဆာရာဝပ်ရှိ ဘင်တူးလူးတွင် တည်ရှိသော Petronas LNG complex မှ free-on-board (FOB) ဖြင့် LNG စုစုပေါင်း ၁၉၀ ၀၀၀ ကုဗပေးကို တင်ဆောင်သည်။

" LNG နှစ်ကြိမ်ကို CNTIC VPower ထံ အောင်မြင်စွာ ပေးပို့ခဲ့ပြီးပါပြီ။ အရှေ့တောင်အာရှ ဒေသ LNG လိုအပ်မှု ကြီးထွားလာတဲ့ခေတ်အသစ်ကို ထင်ဟပ်ပြသပါတယ်" ဟု Petronas ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LNG ကို ပိုသန့်ရှင်းတဲ့ စွမ်းအင်ပုံစံတစ်ခုအဖြစ် ကျင့်သုံးတာမှာ မြန်မာဟာ နောက်ဆုံးထွက်ပေါ်တဲ့ နိုင်ငံဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာ ခြေကုပ်တစ်ခု ထူထောင်ဖို့အတွက် CNTIC VPower ထံ နောက်ထပ် ပေးပို့မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ Petronas က ဆိုပါတယ်။

CNTIC VPower သည် တရုတ်နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး engineering, procurement and construction (EPC) လုပ်ကိုင်သော China National Technical Import and Export Corporation (CNTIC) နှင့် ဟောင်ကောင် အခြေစိုက် ပါဝါဖြန့်ဖြူးရေး လုပ်ကိုင်သော VPower Group International Holdings တို့ ဖက်စပ်ထူထောင်ထားသော လုပ်ငန်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းစုသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့တွင် LNG-to-power စီမံကိန်း သုံးခုကို လုပ်ကိုင်ခွင့် ရရှိခဲ့ကြသည်။ ဓာတ်အားပမာဏ စုစုပေါင်း ၉၀၀ မဂ္ဂဝပ် ထုတ်လုပ်ရန် တင်ဒါ အောင်ခဲ့သည်။

ထိုစီမံကိန်းများသည် ယခုနှစ်တွင် စတင်ရန် မျှော်မှန်းထားပြီး မြန်မာနိုင်ငံတွင် ၁၅ မှ ၁၇ ရာခိုင်နှုန်းအထိ နှစ်စဉ် ကြီးထွားနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အထိုက်အလျောက်ဖြည့်ဆည်းမည် ဖြစ်သည်။

ယခုနှစ် နွေရာသီ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အစိုးရက ဓာတ်အားစက်ရုံများကို မြန်မြန်ဆန်ဆန် အတည်ပြုပေးခဲ့သည်။

ရန်ကုန်မြစ်တွင် LNG လက်ခံရယူမည့် ဆိပ်ခံတစ်ခုကို မကြာသေးချင်က တည်ဆောက်ပြီးစီးခဲ့သည်။ ရေပေါ်သိုလှောင်ကန်နှင့် ကုန်းပေါ်တွင် အရည်မှ အငွေ့သို့ ပြောင်းလဲပေးသည့် စက်ရုံကိုလည်း တည်ဆောက်ပြီးစီးခဲ့သည်။

Export, Import Read 884 times