မြန်မာ့ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော ကသာမြို့မှ ငါးလေးချဉ် လုပ်ငန်း


17 August, 2018

ကသာသည် ရှေးရာဇဝင်ထဲမှ မြို့တစ်မြို့ဟု သိရသည်။ ပုဂံပြည့်ရှင်အနော်ရထာလက်ထက်က ကင်းမြို့ဟု ခေါ်ကြသည်။

ထို့နောက်မှ ကမ်းသာ ဖြစ်လာပြီး တဖြည်းဖြည်းနှင့် ကသာ မြို့ဟု အမည်တွင်ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ခရိုင်မြို့သတ်မှတ်ထားခြင်းနှင့် ဧရာဝတီသင်္ဘောဆိပ်ရှိရာမြို့ ဖြစ်သောကြောင့် ကသာသည် စီးပွားရေးကောင်းသော မြို့တစ်မြို့ဟုဆိုရမည်။ ဗန်းမောက်၊ အင်းတော်၊ ကသာ၊ ကောလင်း၊ ပင်လယ်ဘူး၊ ထီးချိုင့်၊ ဝန်းသို မြို့တို့သည် ကသာခရိုင်၏ မြို့နယ်များဖြစ်ကြသည်။ ရထားလမ်း၊ ကားလမ်း ဆုံရာမြို့ဖြစ်သည်နှင့်အညီ သယ်ယူပို့ဆောင်ရေးကောင်းမွန်သည်။ အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းမှာ ရေလမ်းဖြစ်သည် ။ ခရီးသွားသူများက အချိန်မြန်လိုသဖြင့် ကားလမ်းကြောင်းကို အားထား ကြသည်။ ကသာတွင်မီးရထားဘူတာရှိသော်လည်း အများစုကရထားစောင့်ရသည်ကို စိတ်မရှည်သောကြောင့် ကုန်ပစ္စည်း ပို့ဆောင်ရေးတွင် သင်္ဘောကိုသာ ရွေးချယ်ကြသည်။ ဗန်းမော်ခရီးသွားများအတွက် မြန်မာ့မီးရထား က ကသာ-ဗန်းမော် လမ်းပိုင်းကို ဖောက်လုပ်နေပြီဖြစ်ရာ ပြီးစီးတော့မည်ဖြစ်သည်။ မီးရထားဖြင့် တင်ဆောင် သည့် ကုန်ပစ္စည်းများမှာ ငါးဆယ်နယ်၊ ငါးခြောက်၊ ငါးချဉ်နှင့် ပဲအမျိုးမျိုး ဖြစ်ကြောင်းသိရသည်။ ဧရာဝတီမြစ်ကမ်းဘေးမှ မြို့ဖြစ်ခြင်းနှင့် ငါးဖမ်းခြင်း၊ အင်းလေလံဆွဲခြင်းများ ရှိခြင်းကြောင့် ကသာတွင် ငါးဆားနယ်၊ ငါးခြောက်၊ ငါးချဉ် လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ငါးချဉ်သုပ်၊ ငါးချဉ်ကြော်အား ဟင်းအဖြစ် စားသုံးဖူးသော်လည်း မည်သို့ပြုလုပ်သည်ကို သေသေချာချာမသိပေ။ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တည်ရှိသော ကသာမြို့သို့ သြဂုတ်လပိုင်းတွင် ခရီးရောက်ခဲ့ပါသည်။ ထို့သို့ရောက်ခိုက် ငါးချဉ်လုပ်ငန်း အကြောင်း လေ့လာမိသည်များကို ပြန်လည်ရေးသားတင်ပြလိုက်ပါသည်။

ငါးလေးချဉ်လုပ်ငန်း

************

ကသာမြို့၏ အမှတ် (၁) ရပ်ကွက် ဘုရားသုံးဆူလမ်းတွင် ငါးချဉ်လုပ်သည့် အိမ် ၅ အိမ်ရှိသည်။ မြို့အပြင်ဘက် ကုန်တင်သင်္ဘောများဆိုက်ကပ်သည့် သဖန်းကုန်းဆိပ်တွင်လည်း ဆယ်အိမ်ခန့် ငါးချဉ်လုပ်ကိုင် ကြသည်။ မြို့တွင်းဘက်မှ အရေအတွက်အားဖြင့် နည်းသော်လည်း ထုတ်လုပ်နိုင်မှုမှာ သဖန်းကုန်းထက် များသည်။ ကသာ၏ ငါးချဉ်လုပ်ငန်းဆိုလျှင် အမှတ် (၁) ရပ်ကွက်မှ ဘုရားသုံးဆူလမ်းကိုသာ ပြောဖြစ်ကြသည်။ လမ်းညွှန်သူများကလည်း မြို့တွင်းဘက်ကိုသာ ညွှန်းကြပေလိမ့်မည်။ ငါးချဉ်တွင် လုပ်ငန်းတူ ပုဇွန်ချဉ်လည်း ရှိပေရာ ပုဇွန်ချဉ်ကိုမူ ပြုလုပ်ခြင်းမရှိကြပေ။ အကြောင်းမှာ ဈေးနှုန်းကွာခြားမှုနှင့် ပုဇွန်ရှားပါးခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် အချဉ်ပြုလုပ်ရခြင်း အတူတူဖြစ်သော်လည်း ဈေးနှုန်းကြီးမြင့်သည့် ငါးကြီးချဉ်ကို လက်ရှောင်ကြသည်။ ငါးကြီးချဉ်ကဲ့သို့ ဈေးမြင့်သည်မှာ ငါးဖယ်ချဉ် ဖြစ်သည်။ အမှာရှိမှသာပြုလုပ်ပေးနိုင်ကြသည်။ ထို့ကြောင့် ငါလေးချဉ်လုပ်ငန်းဟု ဆိုရခြင်းဖြစ်သည်။

ဈေးနှုန်းမှာ ပုံမှန်ချိန်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ငါးပေါချိန်ဆိုလျှင် ၂၇၀၀ ကျပ် ဖြစ်သည်။ တန်ခူးလကျော်သွားလျှင် သားပေါက်ရာသီဖြစ်ခြင်းကြောင့် ငါးဖမ်းလုပ်ငန်းများ အင်းလုပ်ငန်းများ ရပ်နားရချိန်သို့ရောက်သည်။ အင်းရာသီကုန်ချိန် မတိုင်မီကြိုပြီး တစ်လစာခန့် ငါးချဉ်ကို ပိုလုပ်ထားလေ့ရှိသည်။ လုပ်ထားသည့် ငါးချဉ်များ ငါးများကို ရေခဲသေတ္တာများအတွင်း ထည့်သိမ်း ထားကြသည်။ ရာသီချိန်ကုန်သွားသည့် ငါးမရှိတော့သည့်ကာလ များတွင် သိမ်းထားသည့် ငါးနှင့်ငါးချဉ်များကို ထုတ်ရောင်းပေးကြသည်။ ထိုအခါများတွင် ငါးလေးချဉ်တစ်ပိဿာ ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ် အတွင်းဈေး ရှိ တတ်သည်။ ငါးကြီးဖြင့်လုပ်သည့် ငါးချဉ်မှာ မည်သည့်ရာသီတွင်ဖြစ်စေ တစ်ပိဿာ ၆၀၀၀ ကျပ်ဈေးဖြစ်သည်။ ငါးကြီးချဉ်အတွက် ငါးကြင်းကို ပြုလုပ်ရခြင်းဖြစ်ပြီး မိုးကာလတွင် ငါးကြင်း ပိုမိုဖမ်းဆီးရနိုင်သောကြောင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ ငါးဖယ်ချဉ်က ဈေးအမြင့်ဆုံးဖြစ်ကာ တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြစ်သည်။ ငါးကြီးချဉ်သည် ဈေးကောင်းသော်လည်း ငါးအကောင်ကြီးသဖြင့် သုပ်စား၊ ကြော်စားရသည်မှာ ငါးလေးချဉ် ကဲ့ သို့ ပါးပါးလှပ်လှပ် မဟုတ်သည့်အတွက် လူကြိုက်နည်းသည်ဟုသိရသည်။ အထက်တွင်ဖော်ပြခဲ့သော ဈေးများ မှာ ကသာမြို့ငါးချဉ်လုပ်ငန်းမှဖြစ်ပြီး တဆင့်ပြန်ရောင်းသည့် မြို့ရွာများ၏ဈေးမှာ လမ်းစရိတ်၊ လုပ်အားခ တို့ ထည့်ပေါင်းသည့် ဈေးနှုန်းဖြစ်သွားသည်။

ကုန်ကြမ်းရရှိမှု

*********

ငါးလေးချဉ်ပြုလုပ်ရန် ကုန်ကြမ်းများမှာ ငါးဗျက်ကဲ့သို့ ငါးကလေးများ၊ ထမင်းနှင့် ဆားတို့ ဖြစ်သည်။ ငါးဗျက်ကို ငါးဒင်္ဂါးဟုလည်းခေါ်ကြသည်။ ကသာတွင် အင်းလုပ်ငန်းများရှိသည်။ အင်းပေါင်း ၇၀ ကျော်ရှိကာ ထိုအင်းများမှ ငါး ကိုရရှိသည်။ ဆားကို မန္တလေးမှ မှာယူသည်။ ထမင်းကို မနောသုခ၊ ဧည့်မထ ကဲ့သို့ ဆန်များ ဖြင့် ချက်ရသည်။ ဒေသတွင်း ဆန်ဖူလုံသဖြင့် အခြားဒေသမှ မှာယူရခြင်းမရှိပေ။ ငါးဗျက် တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးဖြင့် အင်းပွဲစားများထံမှ ဝယ်ယူရရှိသည်။ လုပ်ငန်းအရောက် ပို့ဆောင်ပေးကြသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ငါးအတက်များချိန်တွင် တစ်ပိဿာ ၁၀၀၀ ဖြင့် ရတတ်သည်။ ငါးကို လိုအပ်သလောက် ဖုန်းဖြင့်မှာယူနိုင်သည်။ ငါးမှာ ၁၂ ရာသီလုံး ဖမ်းခွင့်မရှိသောကြောင့် အင်းလုပ်ငန်း ရပ်နားရသည့် လများရှိသည်။ ထို့အတွက် ငါးလေးချဉ်လုပ်ငန်းမှာ တစ်နှစ်တာလုံး လည်ပတ်နေသည်တော့ မဟုတ်ပေ။

မြန်မာလို တော်သလင်းလမှ တန်ခူးလ အထိ ၈ လအတွင်း ငါးအရများတတ်သည်။ ထိုကာလများတွင် ငါးချဉ် အလုပ်ရုံ တစ်ရုံအတွင်း လုပ်သား ၃၀ ဦးကျော် မှ ၅၀ အတွင်းရှိတတ်သည်။ နယုန်၊ ဝါဆို၊ ဝါခေါင် လများသည် ငါးများ သားပေါက်ရာသီချိန်ဖြစ်သည့်အတွက် ငါးလုပ်ငန်းဦးစီးဋ္ဌာနက ငါးဖမ်းခွင့် တားမြစ်ထားခြင်းကြောင့် ငါးချဉ်လုပ်ငန်းကို ရပ်နားကြရသည်။ တစ်နှစ်တွင် ၈ လမှ ၉ လအထိ ငါးချဉ် လုပ်ကိုင်ကြပြီး သုံးလခန့်မှာ လုံး၀ အလုပ်မလုပ်ဘဲ နားနေကြသည်ဟုသိရသည်။ ငါးရာသီချိန်ကုန်ခါနီးတွင် ငါးများကိုရသလောက် ကြိုတင်ဝယ် ထားကာ ရေခဲသေတ္တာအတွင်းသို့ ထည့်ထားရသည်။ ငါးချဉ်လုပ်ငန်းလုပ်ကိုင် ကြသူများတွင် ရေခဲသေတ္တာ သုံးလုံးမှ ငါးလုံးအတွင်း ဆောင်ထားကြရသည်။ ထိုအချိန်များတွင် ရပ်ကွက်တွင်းမှ ငါးချဉ်လုပ်သားများသည် အခြားနေ့စားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ကြသည်။ အချို့လည်း ဘုရားဖူးထွက်ခြင်းနှင့် ဆွေမျိုးများရှိရာ ဒေသများသို့ အလည်သွားရောက်ကြသည်။

ဈေးကွက်အခြေအနေ

*************

ငါးလေးချဉ်ကို ကသာသို့အလည်လာသူများက လုပ်ငန်းအရောက် ဝယ်ယူကြသည်။ နီးစပ်ရာဒေသများမှ ကသာသို့ ဈေးဝယ်လာသူများကလည်း လာရောက်အားပေးကြသည်။ ဖားကန့်၊ ကောလင်း၊ ဝန်းသို၊ ဟိုပင်၊ နမတ္တီး၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမောက်၊ ပင်လယ်ကူး၊ ခင်ဦး၊ ရေဦး စသည့်ဒေသများက အမှာရှိသဖြင့် ပို့ဆောင်ပေးရသည်။ တန်ဆောင်မုန်းလအတွင်း ကျင်းပသော ရေဦးမြို့နယ်မှ ရွှေကတော်နတ်ပွဲဈေးတွင် ကသာမှတင်ပို့သော ငါးချဉ်၊ ငါးဆားနယ် နှင့် ငါးခြောက်များကို ရောင်းချပေးလေ့ရှိသည်။ ဗန်းမောက်မြို့ နယ်တွင် လည်း ဝါဆိုလပြည့်နေ့နှင့် သီတင်းကျွတ်တို့တွင် ဘုန်းတော်ကြီးကျောင်းများသို့သွားကာ ဆရာတော် သံဃာတော်များအား ငါးချဉ်ဖြင့်ပူဇော်ကန်တော့သည့် ဓလေ့ရှိကြသည်ဟုသိရသည်။

တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ငါးချဉ်အမှာများစွာရှိပြီး တစ်နှစ်တာအတွင်း ယင်းလများသည် ရောင်းအား အကောင်းဆုံးဖြစ်သည်။ ကသာသည် ရေလမ်းကြောင်းကောင်းသည့်မြို့ ဖြစ်သော်လည်း ဧရာဝတီ သင်္ဘောဆိပ်ရှိသည့် မြို့တိုင်းလိုလို ငါးချဉ်လုပ်ငန်းများ ရှိနေခြင်းကြောင့် ရထား၊ ကားလမ်းကြောင်းမှ မြို့ရွာများသို့သာ ပို့ဆောင်ရောင်းချလေ့ရှိသည်။ ရထားတန်ဆာခအနေဖြင့် ပိဿာအချိန် ၂၀ ဆန့် တောင်းတစ်တောင်းအတွက် ၅၀၀ ကျပ်၊ ကားဖြင့်ပို့မည်ဆိုပါက တစ်ပိဿာအတွက် ၃၀၀ ကျပ် ပေးဆောင်ရသည်။ ထမင်းနှင့် တွဲဖက်စားသုံးနိုင်သည့် ဟင်းတစ်မယ်ဖြစ်ပြီး လူကြိုက်များသည့်အတွက် ရောင်းတန်းဝင်စားကုန်ပစ္စည်း တစ်ခု ဟု ဆိုရပေမည်။

ပြုလုပ်ပုံအဆင့်ဆင့်

************

ငါးလေးချဉ် စတင်ပြုလုပ်သည်မှ ဈေးကွက်သို့တင်ပို့သည့်အထိ စုစုပေါင်း အဆင့် ၈ ဆင့်ရှိသည်ဟု လေ့လာသိရှိရသည်။ ယင်းတို့မှာ ငါးဖောက်ခြင်း၊ ရေဆေးသန့်စင်ခြင်း၊ ရေစင်အောင်စစ်ယူခြင်း၊ ထမင်းဖြူ ချက်လုပ်ခြင်း၊ ထမင်းဖြူကို အေးစက်သွားစေရန် အအေးခံခြင်း၊ ထမင်းဆားနှင့် ငါး တို့ကို သမအောင်ရောခြင်း၊ အင်ဖက်ခံထားသည့် တောင်းအတွင်းထည့်သွင်းခြင်း၊ ဈေးကွက်သို့ပို့ဆောင်ခြင်းတို့ဖြစ်သည်။ ငါးလေးချဉ် ပြုလုပ်ရန် ပထမဦးဆုံးအနေဖြင့် ငါးဖောက်ခြင်းကိုပြုလုပ်ရမည်ဖြစ်သည်။ ငါးဖောက်ခြင်းဆိုသည်မှာ ငါးဝမ်းဗိုက် အတွင်းမှရှိနေသော ကလီစာနှင့် အညစ်အကြေးများကို ဓါးပါးကလေးဖြင့် ဖောက်ကာ ရှင်းထုတ်ခြင်းဖြစ်သည်။

ဝမ်းအတွင်းမှ အညစ်အကြေးများရှင်းလင်းပြီးသည့်အခါ ငါးလေးများကို ခြင်းအတွင်းထည့်ပြီး မြစ်ဆိပ်တွင် ရေဖြင့် အထပ်ထပ်အခါခါ ဆေးကြောရသည်။ ငါးအရေအတွက်နည်းပါက လုပ်ငန်းခွင်အတွင်း ရေကန်တွင် ဆေးလေ့ရှိသည်။ ရေဆေးပြီးသည့်ငါးလေးများကို စင်ပေါ်တွင်ဖြစ်စေ သန့်ရှင်းသောနေရာတွင်ဖြစ်စေ ရေစစ် အောင်ထားရသည်။ ရေမခြောက်ပါက ငါးချဉ်လုပ်သည့်အခါ မာမာတင်းတင်းမဖြစ်ဘဲ အသားပျော့သွားတတ်သည်။ ရေခြောက်အောင်ထားနေသည့်အချိန်တွင် ကျက်ပြီးသား ထမင်းကို ဖျာပေါ်ဖြန့်ခင်း၍ အအေးခံရသည်။ လိုအပ်လျှင် ပန်ကာကိုအသုံးပြုပြီး အေးစက်နေစေရန် ပြုလုပ်ပေးရသည်။

ထမင်းချက်ရာတွင် နပ်ပြီးမာနေ စေရန် အရေးကြီးသည်။ မနောသုခ၊ ဧည့်မထ စသည့် ဆန်ကြောမာသည့် အမျိုးအစားကို အသုံးပြုကြသည်။ ပျော့နေသည့်ထမင်း၊ မနပ်သည့်ထမင်းတို့ကို အသုံးပြုမိပါက ငါးချဉ်ပျက်တတ်ဟု သိရသည်။ ထမင်းအေးနေချိန် ငါးကလည်း ရေခြောက်နေပြီဆိုမှ ဆားထည့်ပြီး ထမင်းငါးဆားသုံးမျိုးကို လောရသည်။ လော ဆိုသည်မှာ လုပ်ငန်းသုံး စကားဖြစ်ပြီး ရောနှောသမ၍မွှေခြင်းကိုခေါ်သည်။ ငါးချဉ်တွင်လက်ဖြင့်လောရသည့် လောချဉ် နှင့် ဆုံကျည်ပွေ့ တု့ိဖြင့် ထောင်းမွှေပြီးလုပ်ရသည့် အစီးချဉ် ဟူ၍နှစ်မျိုးရှိသည်။ လောချဉ်မှာ ငါးကိုအကောင်မပျက် စားသုံးလိုသူ အတွက် ငါးထမင်းဆား တို့ကို စားပွဲပေါ်တင်ကာ လက်ဖြင့်မွှေထားသည့် အချဉ်ဖြစ်သည်။ အစီးချဉ်က သစ်သားစည်အတွင်း ငါးထမင်းနှင့်ဆားတို့ကိုထည့်၍ အကောင်ပျက် ပုံစံပျက်သွားသည်အထိ စီးပိုင်နေ စေရန် လူအင်အားသုံးပြီး သစ်သားကျည်ပွေ့ဖြင့် လောခြင်းကိုခေါ်သည်။

အစီးချဉ်ကို ဒါးလှီးချဉ်ဟုလည်း ခေါ်ကြသည်။ ဈေးအတွင်း ဒါးဖြင့်လှီးကာ အလေးချိန်ဖြင့်ရောင်းနေသည့် ငါးချဉ်ကို ခေါ်ခြင်းဖြစ်သည်။ ငါးချဉ်ကို တစ်ရက်တည်းနှင့် လုပ်ငန်းအစအဆုံးပြုလုပ်ကြသည်။ ပြီးသည်နှင့် အင်ဖက်ခံထားသည့် အချိန်နှစ်ဆယ်ဝင် တောင်း အတွင်းသို့ထည့်ရသည်။ အင်ဖက်ဖြင့်ပင်လုံခြုံအောင်အုပ်၍ အထက်မှ ပီနံအိတ်တစ်ထပ် ဖုံးကာ ဈေးကွက်သို့ပို့ရန် ပြင်ဆင်ရပြီဖြစ်သည်။ ငါးချဉ်ပြုလုပ်ပြီးသည်နှင့် ချက်ချင်းစားသုံးနိုင်ခြင်းမရှိသေးဘဲ သုံးရက်ခန့် ထားရသေးသည်။ သို့မှသာ ဆားထမင်းတို့နယ်ထားသည့် ငါးက အချဉ်ဖြစ်ကာ စားသုံးနိုင်မည်ဖြစ်သည်။ လုပ်ငန်းခွင်အတွင်း လတ်လတ်ဆတ်ဆတ်လာရောက် ဝယ်ယူကြသူများကို အစိမ်းအတိုင်းဖြစ်နေသည့်အတွက် သုံးရက်ခန့် အိမ်တွင်ထားပြီးမှ စားကြရန်မှာကြသည်ကို တွေ့ရသည်။ အစီးချဉ်နှင့် လောချဉ်တို့တွင် အကောင်မပျက် လက်ဖြင့်လောခြင်းနှင့် စည်အတွင်းကျည်ပွေ့ဖြင့် လောခြင်းသာကွာသည်။ ဈေးနှုန်းမှာ ကွာခြားမှု မရှိသလို အရသာမှာလည်း အတူတူသာဖြစ်သည်။ ငါးချဉ် ပြုလုပ်ရာတွင် ရောနှောရသည့် ထမင်းနှင့်ဆားတို့၏ အချိုးအစားမှာ အရေးကြီးသည်။ လိုအပ်သည့် အချိုးအစား ထက် ကျော်လွန်လျှင်ဖြစ်စေ၊ လိုအပ်လျှင်ဖြစ်စေ ကောင်းမွန်သော ငါးချဉ်ကိုမရ ဖြစ်တတ်သည်။ ငါးပိဿာချိန် ၁၀၀ အတွက် ဆန် ၇ ပြည်၊ ဆား ၅ ပိဿာ ထည့်သွင်း ရန်လိုအပ်သည်။

လုပ်အားခ

******

လုပ်ငန်းကို ငါးဝမ်းဖောက်သည့်အလုပ်နှင့် ငါးချဉ်လုပ်သည့် အပိုင်းဟူ၍ ခွဲထားသည်။ မိမိလုပ်ကိုင် နိုင်သလောက် လုပ်အားခခံစားခွင့်ရှိသည်။ ငါးဖောက်ခအဖြစ် အချိန်တစ်ဆယ်အတွက် ငွေကျပ် ၂၀၀၀ သတ် မှတ် ထားသည်။ ငါးအရွယ်သေးပါက လုပ်ကိုင်ရသည်မှာ လက်ဝင်သောကြောင့် ဆယ်ပိဿာ ၃၀၀၀ ကျပ် ရ သည်။ ငါးဖောက်သည့်အလုပ်မဟုတ်ဘဲ ကျန်သည့်ဆောင်ရွက်စရာများ အတွက် တစ်ပိဿာ ၁၀၀ ကျပ် ရရှိ မည်ဖြစ်သည်။ ငါးဝမ်းဖောက်ရာတွင်မြန်သည်သူက အချိန်တစ်ဆယ်အတွက် ၂ နာရီ ခန့်ကြာမြင့်ပြီး လက်နှေး သည့် သူက ၄ နာရီနီးပါး ကြာမြင့်လေ့ရှိသည်။ လုပ်သက်ရင့် ကျွမ်းကျင်သူတစ်ဦးအတွက် တစ်ရက်လျှင် ပိဿာချိန် ၄၀ အထိ လုပ်ကိုင်နိုင်ခြင်းကြောင့် လုပ်အားခငွေ ၈၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။ အလုပ်ရုံအတွင်း အမှာများနေသည့် ကာလမျိုးဆိုလျှင် ညပိုင်းအထိပါ ဝင်ရောက်လုပ်ကိုင်ကြသည့်အတွက် ၁၀၀၀၀ ကျပ် ကျော် အထိ ရရှိနိုင်ကြပေမည်။ လုပ်ကိုင်သူများမှာ တစ်နှစ်တာအတွင် ၉ လခန့်သာ ဝင်ငွေရှိပြီး ကျန်သည့် ၃ လ မှာ အခြားလုပ်ငန်းများသို့ ပြောင်းလုပ်ရခြင်း၊ အလုပ်မရှိသဖြင့် နားနေရခြင်းတို့ကို ကြုံကြရသဖြင့် ပုံမှန်ဝင်ငွေရ နေချိန်တွင် စုနိုင်သမျှစုဆောင်းထားကြရသည်။ သို့မှသာ နားနေသည့်ကာလတွင် လိုအပ်သည်ကို အသုံးပြုနိုင် ကြမည်ဖြစ်သည်။ ငါချဉ်ရာသီချိန်တွင် ဝင်ရောက်လုပ်ကိုင်သည့် လုပ်သားများကို ဟင်းစားအဖြစ် အလုပ်ရှင်မှ ပေးသည့်အတွက် လုပ်ငန်းခွင်ဝင်နေသည့် ကာလပတ်လုံး ဟင်းဖိုးသက်သာနေပေလိမ့်မည်။

ကသာမြို့မှ ငါးလေးချဉ်

**************

ကသာမှထမင်းဆိုင်များတွင် နံက်စာ၊ ညစာ စားသုံးရာ၌ ငါးချဉ်သုပ်တစ်ပွဲအမြဲလို ပါဝင်နေသည်ကို တွေ့ရသည်။ ဒေသထွက်ဖြစ်ခြင်းနှင့် ဈေးနှုန်းသင့်ခြင်းကြောင့် ထမင်းဆိုင်တိုင်းလိုလို အရံဟင်းကို ငါးချဉ်တစ်ပွဲ ချထားပေးတတ်သည်။ ကြက်သွန်နီများများ၊ ဆီဆားတို့ဖြင့် ကောင်းမွန်စွာ ပြုလုပ်ပေးထားသော ငါးလေးချဉ် ဖြင့် ထမင်းစားရသည်မှာ အရသာရှိလှပါသည်။ အစိတ်သား ထုတ်သေးများဖြင့် လက်ဆောင်ပေးနိုင်ရန် ပြုလုပ် ပေးထားသည့် ဒေသထွက်ငါးလေးချဉ် ထုတ်ကလေးများက အိမ်အပြန်ခရီးအတွက် မျက်နှာရစေပါသည်။ မြို့တိုင်းနယ်တိုင်း၏ ဈေးများတွင် ငါးချဉ်အရောင်းဆိုင်များရှိတတ်ပါသည်။ သို့သော် တစ်နယ်နှင့် တစ်နယ် ငါးချဉ်ပြုလုပ်ပုံအယူအဆ၊ ငါးအသေးအကြီးအနေအထားအသုံးပြုပုံမှာ ကွဲပြားနိုင်ပါသည်။ လုပ်ငန်းတိုင်းက မိမိ တို့ ငါးချင်ကသာ ပိုကောင်းကြောင်း ပြောပါလိမ့်မည်။ ထို့အတွက် ကိုယ့်ငါးချဉ်ကိုယ်ချဉ်သည်ဟု ဆိုစကား ပေါ်လာခြင်းဖြစ်သည်။ မည်သည့်ငါးချဉ်က ပိုချဉ်သည်ဖြစ်စေ ကသာမြို့ကိုရောက်ဖြစ်သည် ဆိုပါက အမှတ် (၁) ရပ်ကွက် ဘုရားသုံးဆူလမ်းတွင် ငါးလေးချဉ် အလုပ်ရုံများရှိသည့်အတွက် အိမ်ပြန်လက်ဆောင်ဝယ်ယူသွား နိုင်ပါကြောင်း သတင်းပေးရေးသားလိုက်ပါသည်။

 Linn htu

Local News Read 993 times