မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင် ပဲတီစိမ်းစိုက်တောင်သူများ မုန်တိုင်းမိုးကြောင့် ပဲတီစိမ်းပင်ခေါင်ပွင့်များနှင့် ခေါင်သီးများ မိုးသည်းရိုက်ကာ ပဲတီစိမ်းပင်များ ပျက်စီးသွားကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံက သိရသည်။
အဆိုပါ မုန်တိုင်းကြောင့် မိုး(၅)ရက်ရွာရာ ပဲတီးစိမ်းဈေးများလည်း လေးသောင်းကျပ်မှ သုံးသောင်း သုံးထောင်ကျပ်ထိ ဈေးကျသွားခဲ့ကြောင်း၊ ပဲတီစိမ်းဆွတ်ခူးခများလည်း တစ်နေကုန် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်ထိ ဈေးပေးခေါ်နေရကြောင်း ပဲတီစိမ်း(၈)ဧကကျော် စိုက်ပျိုးထားသည့် လက်ပံခြေပေါ်အုပ်စု ကတောကျေးရွာနေတောင်သူတစ်ဦးက ပြောပြခဲ့ပါသည်။
ယခုနှစ်တော့ သီးလုံးကလည်းထွား အစေ့ကလည်းပြည့် ဈေးကလည်း အလွန်သင့်တော်တဲ့ဈေးနှုန်းဖြစ်ပြီး ပဲတီးစိမ်း စိုက်တောင်သူတွေ တွက်ခြေ အတော်ကိုက်ကြတယ်၊ ဇွန်လ(၉)ရက်နေ့ကနေ ဇွန်လ (၁၄)ရက်နေ့ထိ ရွာသွန်းတဲ့ မိုးကြောင့် ခေါင်သီးခေါင်ပွင့်တွေ ရိုက်ချပစ်သလို မိုးသည်းရိုက်လိုက်တော့ ဝါခေါင်လအထိ ဆွတ်ခူးရမည့် ပဲနောက်များ ဝါဆိုလတွင် အသီးတုံးတော့မည်ဟု ၎င်းကပြောခဲ့ပါသည်။
ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင်တစ်ဦးမှလည်း မုန်တိုင်းရက်အတွင်း ပဲတီစိမ်းဈေးနှုန်းများ မတည်ငြိမ်ဘဲနှင့် ဈေးနှုန်းများ ကျကာ သုံးသောင်းသုံးထောင်ငါးရာအထိ ကျဆင်းခဲ့ပြီး ဈေးမတည်ငြိမ်ကြောင်း၊ ဇွန်လ(၁၄)ရက်နေ့က သုံးသောင်းရှစ်ထောင်အထိ ပြန်တက်လာကြောင်း သိရသည်။
MOI