စစ်ကိုင်းမြို့နယ်အတွင်း တရုတ်နိုင်ငံ Corporation ကုမ္ပဏီမှ မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်တစ်ခု တည်ဆောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးအကြောင်းကြားထားကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ယခုလာမည့် မေလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက တရုတ်နိုင်ငံ Corporation ကုမ္ပဏီအား ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို လာရောက်ရှင်းပြခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ သဘောထားအား လာရောက်နားထောင်သွားခဲ့ကြောင်း သိရပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာနက ခွင့်ပြုခဲ့မည်ဆိုပါက စစ်ကိုင်းတိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် နေရောင်ခြည်များ ရရှိနိုင်သည့်နေရာများကို ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် တရုတ်နိုင်ငံ Corporation ကုမ္ပဏီကမျှော်မှန်းထားကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းမြို့နယ်သည် နေရောင်ခြည်အများအပြားရရှိကြောင်း၊ ဆိုလာလျှပ်စစ်ပြုလုပ်မည့်နေရာ မသတ်မှတ်ရသေးကြောင်း၊ ယင်းကိစ္စသည် လျှပ်စစ်ဌာနနင့်သာ သက်ဆိုင်ကြောင်း ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် တရုတ်နိုင်ငံ Corporation ကုမ္ပဏီတစ်ခုက စစ်ကိုင်းမြို့နယ်အတွင်း မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အသိပေးအကြောင်းကြားသည့် အဆင့်သာရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ငွေပမာဏနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်ရက်ကို အတိအကျမသိရှိရသေးကြောင်း သိရပါသည်။
Eleven