ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင် ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းများ ရှိနေသည်။ တချို့စီမံကိန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်အကောင်အထည်ဖော်နေပြီး အချို့စီမံကိန်းများကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းများအတွင်းမှ လာမည့်နှစ်အနည်းငယ်တွင် ရုပ်လုံးပေါ်လာနိုင်သည့် စီမံကိန်းများရှိသကဲ့သို့ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်များ လည်းရှိခဲ့ပါတယ်။
ရန်ကုန်အဆင့်မြင့် မိုးပျံ အမြန်လမ်းမကြီးစီမံကိန်း
ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းမကြီး စီမံကိန်းသည် ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ် နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်သည်။ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ယင်းစီမံကိန်းကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော Public Private Partnership အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်လဲ ဖြစ်ပါတယ်။
"အခြေခံအဆောက်အအုံနဲ့ ပတ်သက်လို့ မိုးပျံလမ်း၊ နှစ်ထပ်လမ်း လုပ်မယ်ဆိုတာလည်း ပြည်ထောင်စုက ပြောတာတွေ ကြားရတယ်။ လေ့လာဆန်းစစ်မှုတွေလည်း လုပ်နေပြီလို့လည်း ပြောတယ်။ ဒါကလည်း မြို့ရဲ့ တိုးတက်လာတဲ့ လူဦးရေအနေနဲ့ကော၊ ယာဉ်အနေနဲ့ကော လိုအပ်တဲ့ကိစ္စပါ"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောခဲ့ပါတယ်။
စီမံကိန်းအတွက် စိတ်ဝင်စားမှု လျှောက်လွှာများ ခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြုတင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုအထိ လျှောက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းက ထုတ်ပြန်ထားချက်အရ သိခဲ့ရပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်း
ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆင့်(၁)အဖြစ် ရန်ကုန်မြို့ကြည့်မြင်တိုင် အနောက်ဘက်ကမ်းရှိ ဧက ၂၀ဝဝဝ ခန့်ရှိ မြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိ တက် (NYDC) က တာဝန်ယူဆောင်ရွက်နေခဲ့ပါတယ်။ယခုစီမံကိန်းဖြစ်သည့် မြို့သစ်ကြီးတစ်ခုတည်ထောင် မည့်ကိစ္စသည် တိုင်းဒေသကြီးအဆင့် လွှတ်တော်တွင် ဆွေးနွေးရမည့် အဆင့်မျိုးမဟုတ်ဘဲ ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးရမည့်ကိစ္စမျိုးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောခဲ့ပါတယ်။
"လွှတ်တော်တွေမသိဘဲ မြို့သစ်ကြီးတစ်ခု ပေါ်ပေါက် သွားတယ်ဆိုတာက တော်တော်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ဒါကို အကြိမ်ကြိမ် ကန့်ကွက်နေတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်သွားပြီးတော့ ဘယ်အစိုးရပဲတက်တက် ဒီမူဝါဒအောက်မှာ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ လွှတ်တော် ကိုယ်စာလှယ်းတွေက ဆွေးနွေးနေကြတာဖြစ်တယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားချက်အရ သိခဲ့ရပါတယ်။
"ဒီလောက်ပြောနေကြတဲ့ကြားထဲ ဆိပ်ကြီးခနောင်တိုသွားတဲ့လမ်းမကြီးမှာ ရန်ကုန်မြို့သစ်စီမံကိန်းကြီး မြေပြင်ရုံးစိုက်ဖို့ ရုံးအဆောက်အအုံတွေဆောက်ဖို့ ကကြိုးစားနေတယ်"ဟု စီမံကိန်းလက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး ၎င်းကထပ်မံ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကိုလည်း ရန်ကုန်မြို့ ဘုန်းကြီးလမ်း နှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်သွားမည် ဖြစ်သည်။ ယင်းဒလတံတားကို ဒီဇင်ဘာ ၁ ရက်တွင် ပန္နက်ရိုက် အခမ်းအနားကျင်းပပြုလုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ယင်းတံတား တည်ဆောက်ရေးအတွက် ကိုရီးယား ထုတ်ကုန်-သွင်းကုန် ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းလဲ ဖြစ်ပါတယ်။