မြန်မာ့ပထမဆုံးဖြစ်လာနိုင်မယ့် ပလတ်စတစ်အမှိုက်မှ ဒီဇယ်ဆီထုတ်နိုင်တဲ့ စက်ရုံကို ပုဂံဒေသအနီးမှာ တည်ဆောက်ဖို့အတွက် ကနဦး အစီအစဉ်ချမှတ်ထားတယ်လို့ အဆိုပါ စက်ရုံဖြစ်မြောက်ရေး ကြိုးပမ်းနေတဲ့ ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
အဆိုပါ စက်ရုံနဲ့အတူ ရေနံချက်စက်ရုံကိုလည်း ထည့်သွင်းတည်ဆောက်ဖို့ စီစဉ်ထားပြီး ကာလတန်ဖိုး ကျပ်သိန်း ( ၅၀၀၀ ) ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားကာ တစ်ဦးချင်းတည်ဆောက်ဖို့ မဖြစ်နိုင်တဲ့အတွက် ပူးပေါင်းပါဝင်လိုတဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။
ဦးသန့်ဇင်ထွန်းက နံပါတ်တစ်က ဒီလုပ်ငန်းကို လုပ်ကို လုပ်တော့မယ်ပေါ့နော်။ နေရာရွေးတဲ့အခါမှာ မန္တလေးက ဌာနဆိုင်ရာမိတ်ဆွေတစ်ယောက်က ပုဂံ၊ ညောင်ဦး ဟိုဘက် ကျောက်ပန်းတောင်းနယ်မှာ လုပ်စေချင်တယ်တဲ့။ ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက် သန့်ရှင်းမှုရော Environment လည်းလှတာပေါ့နော်။ ကိုယ်လည်း အဲဒီနေရာလေးကို သဘောကျသွားတယ်လို့ ပြောပါတယ်။
ကျောက်ပန်းတောင်းနယ်မှာ ပထမဆုံး စတင်အခြေပြုမှာဖြစ်ပြီး နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာပါ ဆက်လက်ဆောင်ရွက်သွားဖို့ကိုလည်း စဉ်းစားထားတယ်လို့ ၎င်းကပြောပါတယ်။
ဘဏ္ဍာရေးအခြေအနေအရ စိတ်ဝင်စားကူညီနိုင်မယ့်သူတွေရှိမယ်ဆိုရင် အစုရှယ်ယာသဘောမျိုးလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဧပြီ၊ မေလအတွင်းမှာ စချင်တယ်လို့ ပြောပါတယ်။
အခုမှသာ စက်ရုံကို စတင်ဆောက်လုပ်ဖို့ စီစဉ်နေခြင်းဖြစ်တဲ့အတွက် စတင်လည်ပတ်ပါက ဘယ်လောက်ပမာဏ ထွက်ရှိမယ်ဆိုတာကို ပြောလို့မရသေးဘူးလို့ ပြောပါတယ်။
Pyi Myanmar