မြန်မာ ထုတ်လုပ်မှု PMI က ၅၀.၀ အမှတ်ကို ထိုးဖောက်နိုင်ခဲ့ရာ ထုတ်လုပ်ရေး လုပ်ငန်း အခြေအနေများ ဇူလိုင်လတွင် တိုးတက်လာခဲ့ခြင်း


09 August, 2020

ဇူလိုင်လတွင် တိုးတက်လာခဲ့သည့် ထုတ်လုပ်မှုနှင့် အော်ဒါ အသစ် နှစ်ရပ်စလုံး ဇန်နဝါရီလမှစပြီး အမြန်ဆုံး နှုန်းဖြင့် တိုးလာခဲ့ကြရာ ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာထုတ်လုပ်ရေး PMI အညွှန်းကိန်းမှာ တိုးတက်မှုနှင့် ကျဆင်းမှုအား ခွဲခြားမှတ် ဖြစ်သော ၅၀.၀ အထက်သို့ တက်လှမ်းလိုက်သည်။

၅၀.၀ ထက် ပိုကြီးသည့် မည်သည့် ဂဏန်းမဆိုသည် ကဏ္ဍ၏ အခြေအနေမှာ ခြုံပြောရလျှင် ပိုကောင်းလာခြင်းကို ညွှန်ပြပါသည်။

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ပို၍တိုးလာခဲ့ရာ PMI မှာ ၅၀ အထက်တွင် ရှိနေခြင်း
  • မတ်လမှစပြီး အလုပ်နေရာ ကျဆင်းနှုန်း အနှေးဆုံးဖြစ်လာခြင်း
  • ထည့်ကုန် နှင့် ထုတ်ကုန် ဈေးနှုန်း နှစ်မျိုးစလုံး စံချိန်တင် ကျဆင်းခဲ့ခြင်း

အလုပ်နေရာများမှာ ဆက်လက်ကျဆင်းလာခဲ့သော်လည်း မတ်လမှစပြီး ကျဆင်းမှု အနည်းဆုံး ဖြစ်ခဲ့သည်။ နောက်ဆုံး စစ်တမ်းက ထည့်ကုန်နှင့် ထုတ်ကုန် ဈေးနှုန်း နှစ်ခုစလုံး စံချိန်တင် ကျဆင်းခဲ့ခြင်းကို ဖေါ်ပြနေသည်။

PMI အညွှန်းသည် ဇွန်လ၏ ၄၈.၇ မှ ဇူလိုင်တွင် ခြောက်လအတွင်း အမြင့်ဆုံးအဖြစ် ၅၁.၇ သို့ တက်လှမ်းခဲ့သည်။ ယခုအညွှန်းမှာ ဇန်နဝါရီလမှစပြီး ပထမအကြိမ် ၅၀.၀ အထက်တွင်ရှိလာပြီး ရေရှည် ပျမ်းမျှ ၅၀.၄ ထက် မြင့်နေရာ ယခင်လမှစပြီး လုပ်ကိုင်မှု အခြေအနေများ အခိုင်အမာ ကောင်းမွန်လာခြင်းကို အချက်ပြနေသည်။

PMI အညွှန်း သုံးမှတ် မြင့်လာခြင်းမှာ အော်ဒါ အသစ်များနှင့် ထုတ်လုပ်မှု အားကောင်းစွာ တိုးလာခြင်းနှင့် အလုပ်နေရာ ကျဆင်းမှု ပိုနှေးလာခြင်းကို ထင်ဟပ်နေပါသည်။

ယင်းသုံးချက်မှာ PMI အပေါ်သက်ရောက်မှုများ၏ ၇၅% ကို ကိုယ်စားပြုပါသည်။ ကျန်ရှိသည့် အစိတ်အပိုင်းများဖြစ်သည့် - ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များနှင့် သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်း - မှာမူ အဓိက အကျဆုံး အညွှန်းပေါ်သို့ ထိရောက်သည့် သက်ရောက်မှု မရှိခဲ့သလောက်ပါ။ ကုမ္ပဏီများက ထုတ်ကုန် လက်ကျန်စာရင်း ပိုလျှံမှုကို အသုံးပြုခဲ့ကြ၍ သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်းမှာ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဇူလိုင်လတွင် မသိမသာမျှသာ တိုးလာခဲ့သည်။

ဇူလိုင်လတွင် ပုံမှန် ဈေးဝယ်သူတို့က အော်ဒါများ ပြန်အပ်လာကြ၍ မြန်မာနိုင်ငံရှိ ထုတ်လုပ်သူတို့က ဝယ်လိုအား ကောင်းလာကြောင်း အစီရင်ခံခဲ့ကြသည်။ 

အလုပ်သစ် ပမာဏမှာ ဒုတိယလမြောက် ဆက်တိုက် မြင့်တက်လာခဲ့ပြီး ဇန်နဝါရီမှစပြီး အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ရာသီအလိုက် ညှိထားသည့် အော်ဒါသစ် အညွှန်းမှာ နောက်ဆုံးကာလအတွင်း ရေရှည် ပျမ်းမျှ အဆင့်ထက် သိသာစွာ မြင့်နေခဲ့သည်။

သို့သော်လည်း နိုင်ငံတကာမှ အထူးသဖြင့် ဂျပန်၊ အိန္ဒိယ၊ ဥရောပ နှင့် အမေရိကန် ပြည်ထောင်စုထံမှ ဝယ်လိုအားနည်းခဲ့ကြောင်း အစီရင်ခံမှုများ ရှိခဲ့ပါသည်။

စုစုပေါင်း ရရှိခဲ့သည့် အော်ဒါ အသစ်များ သိသာစွာ နာလန်ထူလာခဲ့ခြင်းက ဇူလိုင်လ၏ ထုတ်လုပ်မှုကို နှစ်လဆက်တိုက် တိုးလာစေခဲ့သည်။ တိုးတက်မှုနှုန်း အရှိန်ရလာခဲ့ရာ ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံး ဖြစ်လာခဲ့ပြီး စစ်တမ်း၏ ရေရှည် ပျမ်းမျှထက် မြင့်ပါသည်။

ကုမ္ပဏီများက လက်ကျန်စာရင်း များလွန်းမည်ကို ရှောင်ရှားလို၍ သိုလှောင်ထားသည့် ကုန်ချောများ၏ ပမာဏမှာ ကျဆင်းသွားခဲ့သော်လည်း ကုန်ခမ်းမှု နှုန်းမှာမူ ခုနစ်လအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

 

ထုတ်လုပ်သူတို့က ဇူလိုင်လတွင် ၎င်းတို့၏ ကုန်ချောများကို ထုတ်သုံးကြခဲ့သကဲ့သို့ ၎င်းတို့၏ ထည့်ကုန်များကိုပါ ဆက်လက်လျှော့ချခဲ့ကြပါသည်။ 

 

လက်ကျန်စာရင်းများကို ယူသုံးမှုမှာ ဇွန်လ၏ ထင်ရှားခဲ့သည့် နှုန်းနှင့်စာလျှင် အနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပြီး လက်ရှိအစဉ်ကို ၁၄-လသို့ တိုးမြှင့်ပေးလိုက်သည်။ ထည့်ကုန်အသစ် ဝယ်ယူမှု ပမာဏမှာငါးလဆက်တိုက် ကျဆင်းလာခဲ့သော်လည်း လက်ရှိကာလအတွင်း အနည်းဆုံးနှုန်း ဖြစ်ခဲ့သည်။

 

ဇူလိုင်လတွင် ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ရှေ့ဆက် တိုးလာခဲ့သော်လည်း မြန်မာနိုင်ငံတွင်း ထုတ်လုပ်မှု လုပ်သားအင်အားမှာ ဆက်ပြီး ကျဆင်းခဲ့သည်။ ထိုအချက်ကလက်ကျန် အလုပ်စာရင်း ဆက်လက်ကျဆင်းလာခြင်းနှင့် လုပ်ငန်းများ၏ အနာဂတ် မျှော်လင့်ချက် အားနည်းလာခြင်းကို ထင်ဟပ်နေပြီး ကုမ္ပဏီများ၏ လာမည့် ၁၂-လ အတွက် မျှော်လင့်ချက်များမှာ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ ကာလအတွင်း သမိုင်းဝင် နိမ့်ကျလျက် ရှိနေဆဲဖြစ်သည်။

 

ဇူလိုင်လ စစ်တမ်းက ထည့်ကုန်နှင့် ထုတ်ကုန် ဈေးနှုန်း နှစ်ခုစလုံး ရှေ့ဆက် ကျဆင်းမှုကို ဖေါ်ပြနေသည်။ ထို့အပြင် ၎င်းတို့ နှစ်ခုစလုံး လျော့ကျသွားသည့် နှုန်းမှာ စစ်တမ်းစတင်ခဲ့သည့် ၂၀၁၅ ဒီဇင်ဘာမှစပြီး အားအကောင်းဆုံး ဖြစ်ခဲ့သည်။ ထည့်ကုန် ဈေးနှုန်း ကျလာခဲ့ခြင်းကို ကုမ္ပဏီများက ကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်လာခဲ့မှုနှင့် တစ်ကမ္ဘာလုံးမှာ ကုန်ကြမ်း ပစ္စည်းများ ဝယ်လိုအား ပျော့လာခြင်းနှင့် ဆက်စပ် ဖေါ်ပြကြသည်။

 

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် IHS Markit မှစီးပွားရေးဆိုင်ရာ ညွှန်ကြားရေးမှူး Trevor Balchin က ပြောကြား သွားသည်မှာ-

"PMI အညွှန်းမှာ ဧပြီလ၏ စံချိန်တင် အနိမ့်ဆုံးမှ သုံးလဆက်တိုက် မြင့်တက်လာခဲ့ပြီး ဇူလိုင်လတွင် အရေးပါသည့် ၅၀.၀ အမှတ်ကို ကျော်တက်သွားသည်။ ယင်းက ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစတွင် ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ အားကောင်းစွာ မြင့်တက်လာသည့်အတွက် စက်မှုကဏ္ဍသည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် စတင်ခဲ့သည့် ပြင်းထန်သော

ကျဆင်းမှုမှနေပြီး နာလန်ပြန်ထူလာနေခြင်းကို ပြတ်သားစွာ အချက်ပြမှုဖြစ်သည်။

ကုမ္ပဏီများက ပုံမှန်ဖောက်သည်များ အော်ဒါများ ပြန်အပ်လာကြကြောင်း အစီရင်ခံခဲ့ကြသည်။

“စက်ရုံအများအပြား ပြန်ဖွင့်ဖြစ်သော်လည်း ကုန်ထုတ်စွမ်းအား နိမ့်ကျနေသေးရာ အလုပ်နေရာဆိုင်ရာ အပိုင်းက အဓိက အကျဆုံး အညွှန်းကို အောက်သို့ ဆွဲချနေပါသည်။ သို့သော်လည်း အလုပ်နေရာများဆိုင်ရာ အညွှန်းက ဇွန်လမှစပြီး ခြောက်မှတ်နီးပါး ထိုးတက်သွားမှုမှာ လက်တွေ့တွင် ယခုလထဲ၌ PMI အတွက် အကြီးမားဆုံး တစ်ခုတည်းသော ပံ့ပိုးမှု ဖြစ်လာပြီး အလုပ်နေရာ ဖြတ်တောက်ခံရမှု အဆိုးဆုံး ကာလသည် နောက်မှာ ကျန်ရစ်ခဲ့ပြီဟု ယူဆရပါသည်။”

 PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျေအပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။

 

 
Industry Reviews Read 959 times