ပြည်တွင်းသုံးရေယာဉ်များ၏ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် ဘိုင်အိုဒီဇယ်ထုတ်လုပ်နိုင်သည့်အပင်တစ်မျိုးဖြစ်သည့် phongamia(ဖုန်ဂေးမီးယား) ကိုမြန်မာနိုင်ငံတွင်ရန်ကုန်မြစ်ကြောင်းတစ်လျှောက်တိုးချဲ့ စိုက်ပျိုးသွားရန် လာမည့်နှစ်ဇွန်လတွင် လက်တွေ့ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရပါသည်။
ဖုန်ဂေးမီးယား အပင်စိုက်ပျိုးမှုမှာ တစ်နေရာထဲတွင် ထုတ်လုပ်လို့မရသည့်အတွက် သုံးနေရာလောက်တွင် ထုတ်လုပ်သွားမည်ဖြစ်သည့် အတွက် မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ထုတ်လုပ်မှု ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
ရန်ကုန်တိုင်းအတွင်းမဟုတ်ပဲ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများတွင်လည်း စိုက်ပျိုးသွားမည် ဖြစ်ပြီး အပင်စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်အရမ်းများသည့်အတွက် စိုက်ပျိုးရေးဘက်တွင် ပြင်ပရင်းနှီးမြှုပ်နှံမှုကို သာ အားကိုးပြီး ဖိတ်ခေါ်ရမည်ဖြစ်ကြောင်းလဲသိရသည်။
အဆိုပါစိုက်ပျိုးမှုကို သြစတြေးလျနိုင်ငံ၏ စိုက်ပျိုးရေးကုမ္ပဏီနှင့် ပူးပေါင်းကာငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
Yangon Water Bus စီမံကိန်းတွင် မြစ်များ၏ ပတ်ဝန်းကျင်ထိန်းသိန်းရေးကိုလည်း ထည့်သွင်းစဉ်းစားထားသည့်အတွက် သြစတြေးလျနိုင်ငံ၏ စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းပြီး ဘိုင်အိုဒီဇယ်ကဲ့သို့ ထုတ်လုပ်နိုင်သော အပင်များကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။
တစ်နှစ်အတွင်း သို့မဟုတ် နှစ်နှစ်အတွင်းတွင် စိုက်ပျိုးရေးကုမ္ပဏီသည် မြစ်ကြောင်းတစ်လျှောက်တွင် ဘိုင်အိုဒီဇယ်ပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအပင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတွင်သာ ပေါက်ရောက်နိုင်သည့် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၏မြေဆီလွှာမှာ ထိုအပင်ပေါက်ရန် အကောင်းဆုံးမြေဆီလွှာဖြစ်ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စိုုက်ပျိုးရေးကုမ္ပဏီကို ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ဘိုင်အိုဒီဇယ်ကို ပြည်တွင်းရေယာဉ်များသုံးစွဲရန် အဓိကအားဖြင့် Yangon Water Bus များတွင် သုံးစွဲရန်အတွက် လာမည့်နှစ်နှစ်အတွင်း ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများဖြင့် ငါးနှစ်စီမံကိန်းရေးဆွဲထားကြောင်း သိရပါသည်။
Source: Pyi Myanmar Journal