ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်း ပြန်လည်စတင်ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်


24 January, 2019

ယခင်အစိုးရ လက်ထက်တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပွဲတော်အတွက် ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။

ပုဏ္ဏားကျွန်း စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ စက်တင်ဘာတွင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်အပြောင်း အလဲတွင် စီမံကိန်း ရပ်ဆိုင်းပြီးနောက် ပြန်လည်စတင်ရန် စီစဉ်နေခြင်းဖြစ်သည်။‘‘ပုဏ္ဏားကျွန်း စက်မှုဇုန်ရဲ့ လက်ရှိအနေအထားက ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ အနေအထားရှိပါတယ်။ နိုင်ငံတော်အဆင့် Project Bank ထည့်ပြီး ဖိတ်ခေါ်ထားပါတယ်’’ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန် ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းအတွက် မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကုမ္ပဏီ (MKSH) နှင့် ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၅ စက်တင်ဘာ ၁၆ ရက်က နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။MKSH အများပိုင်ကုမ္ပဏီ၌ ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

စက်မှုဇုန်ကို စက်ရုံလေးခုဖြင့် စတင်မည်ဖြစ်ပြီး ၎င်းတို့တွင်တယ်လီဖုန်း ဆက်စပ်ပစ္စည်းများ စက်ရုံ၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန် စက်ရုံ၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းစက်ရုံနှင့် ဆေးဝါးစက်ရုံတို့ပါဝင်သည်။စတင်အကောင်အထည်ဖော်ရန် မြေဧက ၉၀၀ ကို အသုံးပြုခဲ့ပြီး စီမံကိန်းတစ်ခုလုံးအတွက် ဧက ၁,၈၀၀ အသုံးပြုမည်ဟု ဆိုသည်။ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်း အကောင်အထည်ပေါ်လာပါက ရခိုင်ပြည်နယ်၌ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ပြီးလျှင် အကြီးဆုံးစက်မှုဇုန်စီမံကိန်းဖြစ် လာမည်ဖြစ်သည်။

7 day  


 

Local News Read 503 times