ကမ္ဘာ့ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်ကာ လူကြိုက်များသည့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထွက် ထောပတ်သီးမျိုးများကို မြန်မာနိုင်ငံသို့တင်သွင်းရန် ကြိုးစားနေကြောင်း ထောပတ်သီးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မျိုးစေ့ချ စိုက်ပျိုးထားသည့် ထောပတ်သီးပင် အများစုသည် အသီးမညီခြင်း၊ မမှည့်မညီခြင်း၊ အဆီပါဝင်မှု မတည်ငြိမ်ခြင်းတို့ကြောင့် ဈေးကွက်ရရှိမှု အားနည်းနေပြီး ဈေးကောင်းမရကြောင်း ၎င်းကပြောခဲ့ပါသည်။
နိုင်ငံအများစုသည် ကယ်လီ ဖိုးနီးယား ထောပတ်သီးများကို ဝယ်ယူရန် အသင့်ရှိနေပြီး ၂၀၁၈မတ်လအတွင်းက အမေရိကန် နိုင်ငံရှိ ကယ်လီဖိုးနီးယား ထော ပတ်သီးဘုတ်အဖွဲ့နှင့် အဆက်အသွယ်ရရှိကြောင်း ၎င်းက ပြောခဲ့ပါသည်။
ကယ်လီဖိုးနီးယား ထောပတ်သီးမျိုးများ ပြည်တွင်းသို့ဝင် ရောက်လာပါက ရောင်းချမည့် ဈေးနှုန်းကို မသတ်မှတ်ရသေးသော်လည်း တောင်သူများအဆင်ပြေနိုင်မည့် ဈေးနှုန်းဖြင့်သာရောင်းချမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါသည်။
၎င်းအသီးမှာ အရွယ်အစားညီခြင်း၊ အမှည့်ညီခြင်းတို့ကြောင့် ထုပ်ပိုး၊ ထိန်းသိမ်းရာတွင် အားသာချက်ရှိကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ထောပတ် သီးမျိုးသန့်ရွေးချယ်ထားမှု ယခင်က မရှိသည့်အတွက် ထောပတ် သီးမျိုးသန့်ရွေးချယ်နိုင်ရန် ထော ပတ်သီးပြိုင်ပွဲများ ပြုလုပ်နေကြောင်း၊ ပြိုင်ပွဲမှ ဆုရရှိသည့် ထောပတ်သီးမျိုးများကို ဆန်းစစ် လေ့လာနေကြောင်း သိရပါသည်။
ထောပတ်သီးမျိုးသန့်ရွေးချယ်ပြီးပါက ယင်းမျိုးမှစိုက်ပျိုးထွက်ရှိသည့် အသီးများမှာ စီးပွားဖြစ်စိုက်ရန် လွယ်ကူမှုရှိ၊ မရှိနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မှုရှိ၊ မရှိ သုတေသနပြုလုပ်ရန် သုံးနှစ်ခန့် အချိန်လိုအပ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။
လက်ရှိတွင် ၆၇ ကီလိုမှ ၇၀ကီလိုကြားရှိသည့် ထောပတ်သီး တစ်အိတ်လျှင် မြန်မာကျပ်တစ် သိန်းခွဲခန့် ပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထားသည့် ထောပတ်သီးမျိုးကွဲ တစ်ထောင်ကျော်ရှိပြီး ထောပတ်သီးများကို ရှမ်းပြည်နယ်တောင် ပိုင်းတွင် အများဆုံးစိုက်ပျိုးကာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တွင်လည်း စိုက်ပျိုးကြပါသည်။
7 day daily