၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသော ပုဂ္ဂိုလ်များ


03 July, 2018

ဒေါ်အောင်ဆန်းစုကြည်

မြန်မာအစိုးရခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၇ သည် အကောင်း၊ အဆိုးရောပြွမ်းသည့် ကာလတစ်ခုအဖြစ် ဖြတ်သန်းကြုံကြိုက်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကဏ္ဍကို စွမ်းစွမ်းတမံ အားထုတ်ကြိုးစားမှု ကြောင့် နိုင်ငံတကာ၏ ချီးကျူး ဂုဏ်ပြုမှုများ ခံခဲ့ရသလို ဩဂုတ်နှောင်းပိုင်းတွင် ဘင်္ဂါလီပြဿနာ နှင့်ပတ်သက်၍ နိုင်ငံတကာက ဝေဖန်မှုများကိုလည်း ကြုံလာရသည်။အကောင်းအဆိုးဒွန်တွဲသည့် နှစ် တစ်နှစ်ကို ဖြတ်သန်းနေရသော် လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ၏ စိတ်ဝင်စားမှုအခံရဆုံးလူပုဂ္ဂိုလ် တစ်ဦးဆိုခြင်း မှာ သံသယရှိစရာမဟုတ်ချေ။

ဒေါ်နယ်ထရန့်

ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံကြီး၏ ခေါင်းဆောင်နေရာကိုရခဲ့ချိန်ကတည်းက ထရန့်သည်နိုင်ငံတကာ၏ အာရုံစိုက်ခြင်း အခံရဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်နှင့်နေခဲ့ သည်။ ၎င်း၏ သမ္မတသက်တမ်း ပထမဆုံးနှစ်တွင် အမေရိကန်၏ နိုင်ငံတကာ ဆက်ဆံရေး မူဝါဒများသည် အငြင်းပွားစရာ ဖြစ်လောက်အောင် အပြောင်းအလဲများ ရှိခဲ့သည်။ ပန်-ပစိဖိတ် မိတ်ဖက်အဖွဲ့နှင့် ပါရီ ရာသီဥတု သဘောတူညီမှု စာချုပ်များမှ အမေရိကန် နုတ်ထွက်ခြင်း၊ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြုခဲ့ခြင်းစသည့် ထရန့်၏ လုပ်ရပ်အချို့က တစ်ကမ္ဘာလုံးကို အမှန်တကယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့သည်။

စီကျင်းပင်

တရုတ်သမ္မတ စီကျင်းပင်သည် ယခုနှစ် ကွန်မြူနစ်ပါတီ ညီလာခံတွင် ၎င်း၏ ရာထူးကို ခိုင်မာစွာ ဆက်လက်ဆုပ်ကိုင်ထိန်းသိမ်းထားနိုင်သလို မော်စီတုံး နောက်ပိုင်း တရုတ်၏ ဩဇာအကြီးမားဆုံး နိုင်ငံခေါင်းဆောင်ဆိုသော ပြယုဂ်ကို ပိုမိုခိုင်မာလာစေသည်။ ယခင်က နိုင်ငံတကာအရေး တွင် စွက်ဖက်ခြင်းမပြုသည့် တရုတ်၏ မူဝါဒသည် ၂၀၁၇ တွင် သိသိသာသာ ခြားနားမှုများရှိလာသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ပြဿနာများတွင် တရုတ်၏ ကြား ဝင်ညှိနှိုင်းမှုများက ထင်ရှားအရေးပါလာသလို ရည်မှန်းချက်ကြီးမားစွာ ပြင်ဆင်ရေးဆွဲထားသည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာဗျူဟာ စီးပွားရေးစီမံကိန်း ကြီးကိုလည်း ယခုနှစ်အတွင်း စီက အရှိန်မြှင့်တင်လာနိုင်ခဲ့သည်။

ဗလာဒီမာပူတင်

ဆိုဗီယက်ယူနီယံခေတ်က အင်အားကြီးနိုင်ငံမျိုးအဖြစ် ပြန်လည်ရပ်တည်နိုင်အောင် ၎င်းတို့၏ သမ္မတက ဦးဆောင်ပြမည်ဟု ရုရှားပြည်သူအများအပြားက ယုံကြည်နေဆဲဖြစ်သည်။ ဆီးရီးယားပြည်တွင်းစစ်တွင် ပါဝင်စွက်ဖက်ခဲ့ပြီး အိုင်အက်စ်စစ်သွေးကြွများကို အင်အားဆုတ်ယုတ် ပြိုကွဲသွားအောင် ထိုးစစ်ဆင်ခဲ့ခြင်းကလည်း ပူတင်၏ နိုင်ငံရေးသိက္ခာကို မြင့်တက်လာစေသည်။ လာမည့်နှစ် ရွေးကောက်ပွဲတွင်လည်း အလွယ်တကူ အနိုင်ရဖွယ်ရှိနေသောကြောင့် ကမ္ဘာ့အရေးတွင် စောင့်ကြည့်အခံရဆုံး ပုဂ္ဂိုလ်တစ်ဦးအ ဖြစ် နှစ်အတန်ကြာ ဆက်ရှိနေဦးမည်မှာ သေချာသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်

ပုပ်ဖရန်စစ်သည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ခြောက်ပုံတစ်ပုံမျှနှင့်ညီမျှသော ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ၁ ဒသမ ၆ ဘီလီယံခန့်၏ အထွတ်အမြတ်ထားရာ ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံတကာ အရေးကိစ္စများတွင် မျှတသော သဘောထားမျိုးဖြင့် ရှုမြင်လေ့ရှိသလို ဘာသာရေးကဏ္ဍတွင် ခေတ်နှင့်လျော်ညီသော ပြောင်းလဲမှုအချို့ကို ကျင့်သုံးစေခဲ့သည်။ ဘင်္ဂါလီပြဿနာရှုပ်ထွေးနေချိန်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကြွချီခဲ့သည့် ၎င်း၏ ခရီးစဉ်ကလည်း တစ်ကမ္ဘာလုံး အာရုံစိုက်ရသည့် အကြောင်းကိစ္စတစ်ခု ဖြစ်လာသည်။

အီလွန်မတ်စ်ခ်

နည်းပညာလုပ်ငန်းစုကြီးများကို ဦးဆောင်နေသည့် ပုဂ္ဂိုလ်ကြီးများအနက် မတ်စ်ခ်သည် ၂၀၁၇ တွင် လူပြောအများဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည်။ လေကြောင်းသိပ္ပံကုမ္ပဏီကြီး SpaceX၏ အမှုဆောင်ချုပ်ဖြစ်သော်လည်း မတ်စ်ခ်နှင့်ပတ်သက်၍ လူအများ ပိုမိုအာရုံစိုက်လာကြသည်မှာ ၎င်း၏ လျှပ်စစ်ကားကုမ္ပဏီ Tesla ကြောင့်ဖြစ်သည်။ လျှပ်စစ်စွမ်းအင် သီးသန့်သုံးကားများကို ဖွံ့ဖြိုး ပြီး နိုင်ငံများတွင် တောင်းဆိုမှု ပိုမိုမြင့်တက်လာချိန်၌ Tesla က အဆိုပါ နည်းပညာနယ်ပယ်၌ ရှေ့ဆုံး တန်းမှ ပြေးနေနိုင်လောက်အောင် မတ်စ်ခ်က အမြော်အမြင်ရှိရှိ ဦးဆောင်ပေးခဲ့သည်။

ကင်ဂျုံအန်

၂၀၁၇ သည် မြောက်ကိုရီး ယားသမ္မတ ကင်၏ နာမည်ကိုနိုင်ငံတကာ မီဒီယာခေါင်းကြီးပိုင်း များတွင် အထူထပ်ဆုံး တွေ့မြင်ရသည့် နှစ်တစ်ခုဟုပင်ဆိုနိုင်သည်။ ၂၀၁၇ အတွင်း ကင်၏ တွန်းအားပေးမှုနှင့်အတူ မြောက်ကိုရီးယား ၏ နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည် နည်းပညာမြှင့်တင်မှုများ အရှိန်ပိုကောင်းလာသလို အမေရိ ကန်နှင့် ၎င်းတို့၏ တင်းမာမှုသည် တစ်ကမ္ဘာလုံး ခေါင်းအပူရဆုံး အားပြိုင်မှုတစ်ခု၏ အသွင်ကိုဆောင်လာသည်။ ယခုအခါ အမေ ရိကန်ပိုင်နက်ထိ ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးကျည်များကို ၎င်းပိုင် ဆိုင်ထားပြီဟုပင် ကင်ကကြွေးကြော်နေသည်။

ဟာဗေးဝိန်းစတိန်း

ယခင်က ဝိန်းစတိန်းကို ဟောလိဝုဒ် အသိုက်အဝန်းနှင့် ရုပ်ရှင်ဝါသနာအိုးများလောက်သာ သိကြသည်။ သို့သော် ယခုနှစ်အတွင်းတွင်မူ လူတကာအာရုံစိုက်ရသည့် သတင်းလူသားတစ်ဦး ဖြစ်လာသည်။ ကောင်းသော နာမည်ကြီး မှုမျိုးနှင့်မူ မဟုတ်ချေ။ ဟောလိဝုဒ်မှ ထိပ်တန်းနာမည်ကြီး ရုပ်ရှင်မင်းသမီးများအပါအဝင် အမျိုးသမီး ၅၀ ဝန်းကျင်က ဝိန်းစတိန်းသည် သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှု များ ပြုလုပ်ခဲ့ကြောင်း လူသိရှင် ကြား ထုတ်ဖော်ပြောဆိုလာသည်။ ဝိန်းစတိန်းကို အကြောင်းပြု၍ ကမ္ဘာတစ်လွှားတွင် ထင်ရှားပြီး ဩဇာကြီးမားသည့် အမျိုးသားများ က အနိုင်ကျင့်စော်ကားမှုခံရသည့် အမျိုးသမီးများ ပွင့်လင်းစွာထုတ် ဖော်ဝန်ခံရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်။ ယင်းကို ဝိန်းစတိန်း သက်ရောက်မှု ဟု သုံးနှုန်းခဲ့သည်။

မိုဟာမက် ဘင်ဆယ်လ်မန်

၂၀၁၇ နှစ်လယ်ပိုင်းတွင် ဆော်ဒီဘုရင်က အိမ်ရှေ့မင်းသား နေရာအတွက် သားတော်ဘင် ဆယ်လ်မန်ကို ပြောင်းလဲခန့်အပ် ကြောင်း သတင်းကို ဒေသတွင်း နိုင်ငံအချို့ကသာ စိတ်ဝင်တစား ရှိခဲ့သည်။ သို့သော် အသက် (၃၂) နှစ်သာရှိသေးသည့် အိမ်ရှေ့မင်း သား၏ လုပ်ဆောင်ချက်များက တစ်ကမ္ဘာလုံး၏ အာရုံကို မြန်မြန် ဆန်ဆန် ဆွဲဆောင်လာသည်။ တော်ဝင်မိသားစု ဆွေတော်မျိုး တော်များ၊ ဘီလျံနာသူဌေးများ အပါအဝင် လူပေါင်းများစွာကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးစစ် ဆေးစေခဲ့သလို ဘာသာရေးစံနှုန်း များကို အခြေခံထားသဖြင့် တင်း ကျပ်လွန်းလှသည့် ဆော်ဒီလူနေ မှုဘဝကို သိမ်မွေ့စွာ ပြောင်းလဲ လာခဲ့သည်။ အမေရိကန်နှင့် ဆက်ဆံရေးကိုလည်း ပုံစံသစ်ဖြင့် မြှင့်တင်လာသည်။ ၎င်းက အစွန်း ရောက် အစ္စလာမ်မစ်ဝါဒကို တိုက်ဖျက်ပြီး အလယ်အလတ် လမ်းစဉ် ပိုဆန်သော အစ္စလာမ် ဘာသာရေး အမြင်များကို ကျင့်သုံးစေရန် အားထုတ်မည်ဟုလည်း ကြွေးကြော်ထားသည်။

ရောဘတ်မူဂါဘီ

သက်တမ်း အရှည်ဆုံးအာဏာရှင် သမ္မတတစ်ဦး၏ အုပ်စိုး မှုသည် ၂၀၁၇ တွင် နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည်။ မူဂါဘီကို ဇင်ဘာဘွေ စစ်တပ်က ဖြုတ်ချသောသတင်း သည် တစ်ကမ္ဘာလုံးက ကြိုတင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ် ခုအနေဖြင့် ဂယက်ရိုက်ခတ်ခဲ့ သည်။ ဇနီးကို ၎င်း၏ ရာထူးဆက်ခံနိုင်ရန် လမ်းရှင်းပေးသည့်အနေ ဖြင့် ဒုတိယသမ္မတကို ဖြုတ်ချလိုက်ရာမှ နိုင်ငံရေးတင်းမာမှုများ ပေါ် ပေါက်လာသလို နောက်ဆုံးတွင်စစ်တပ်က ပါဝင်စွက်ဖက်လာကာ မူဂါဘီကို ဇင်ဘာဘွေသမ္မတအ ဖြစ်မှ အင်အားသုံးဖယ်ရှားခဲ့သည်။၂၀၁၇ သည် ၎င်းနှင့်ပတ်သက်၍ နိုင်ငံတကာအာရုံအစိုက်ဆုံးကာ လတစ်ခုဖြစ်ခဲ့သော်လည်း မူဂါဘီ အတွက်မူ ကြိုဆိုဝမ်းသာစရာ မဟုတ်ခဲ့သည်မှာ သေချာသည်။

 7 Day Daily

Tips Read 6397 times