တရုတ်နိုင်ငံမှ အာလူးများ တရားမဝင် ဝင်ရောက်မှုကြောင့် ပြည်တွင်းရှိ အာလူးစိုက်တောင်သူများ အခက်ကြုံ


09 April, 2019

တရုတ်နိုင်ငံမှ အာလူးတန်ချိန် သောင်းနဲ့ချီပြီး တရားမဝင် ဝင်ရောက်မှု များလာ၍ ပြည်တွင်းရှိ အာလူးစိုက်တောင်သူများ ဈေးကွက်ရပ်တည်ရန် ခက်ခဲနေတယ်လို့ အာလူးအစုအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းထွေး (ခ) ဦးအောင်သန်းကျော်က ပြောပါတယ်။

"ကျွန်တော် တောင်သူတွေဆီက အာလူးကုန်ပစ္စည်း ထွက်နေတဲ့အချိန်မှာ တရုတ်ပြည်က အာလူးတအားဝင်နေတဲ့အတွက် ဈေးတအား ပြုတ်ကျပြီး ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်လုပ်မှု စရိတ်ဈေးနှုန်းတောင် မရတဲ့အခြေအနေဖြစ်နေတယ်။ ထုတ်လုပ်မှုစရိတ် တက်သွားပြီးတော့ ရင်းနှီးမြှုုပ်နှံမှုမှာ တအားကြီးမြင့်သွားတဲ့ အတွက်ကြောင့်မို့လို့ တောင်သူတွေမှာ အများကြီးနစ်နာရပါတယ်။ ဈေးကွက်တည်ငြိမ်ရေး၊ ပွဲစားတွေရဲ့ ဈေးကစားမှုကြောင့် တောင်သူတွေက အကျိုးအမြတ်ရရှိသင့်သလောက် မရရှိပါဘူး" လို့ ၎င်းက ပြောပါတယ်။

ပြည်တွင်း အာလူးစိုက်တောင်သူများ အနေဖြင့် သွင်းအားစုဈေးနှုန်းကြီးမြင့်မှု၊ ပြည်ပမှ စိုက်ပျိုးရေးသွင်းအားစုအနေဖြင့် တင်သွင်းတဲ့မျိုးစေ့ကို အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမှု၊ အစိုးရမှ ချေးငွေမရရှိမှုများ၊ မိရိုးဖလာ စိုက်ပျိုးနေရပြီး နည်းပညာမရရှိမှုများအပြင် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့ အာလူးများကြောင့် ပြည်တွင်းဈေးကွက် မယှဉ်ပြိုင်နိုင်ဘဲ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်သာ ရရှိနေရတယ်လို့ ၎င်းက ပြောပါတယ်။

"စိုက်ပျိုးရေးသွင်းအားစုအနေနဲ့ တင်သွင်းလာတဲ့ မျိုးစေ့များ၊ စက်ကိရိယာများကို ဂျူတီ သုညသတ်မှတ်ထားပေမယ့် မျိုးစေ့တင်သွင်းတာကို အခွန် ၁၅ ရာခိုင်နှုန်း တရားဝင်ဆောင်ခဲ့ရပါတယ်။ အသနားခံစာ တင်ပြထားတဲ့အတွက် လာမယ့်နှစ်မှာ အခွန် ၁၅ ရာခိုင်နှုန်းကို လျှော့ပေးမယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ဆီမှာ မျိုးကောင်းမျိုးသန့် မရှိတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေက နှစ်ခါနစ်နာရတဲ့သဘောဖြစ်ပါတယ်"လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း စားသုံးသူများအနေဖြင့်လည်း ပွဲစားများရဲ့ ဈေးကစားမှုနဲ့ နှစ်ဆင့်သုံးဆင့် ကြားခံနယ်တွေကြောင့် ဈေးနှုန်းကြီးမြင့်နေတဲ့ အခြေအနေများ ရှိနေတဲ့အတွက်လည်း မလိုလားအပ်ဘဲ ကုန်ကျနေတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့ ဝိုင်းဝန်းအဖြေရှာသွားနိုင်မှသာ ထိုက်သင့်တဲ့အကျိုးများ ရရှိမှာဖြစ်ပါတယ်။

"လွန်ခဲ့တဲ့ သုံးလေးနှစ်က တရုတ်ပြည်က အာလူးတရားမဝင် ဝင်ရောက်လာတာက တန်ချိန်သောင်းနဲ့ချီ ရှိနေပါတယ်။ တရားမဝင် ဝင်ရောက်လာတာကို ကျွန်တော်တို့က လုံးဝပိတ်ဖို့တော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံကိုတရားမဝင် များများစားစား ဝင်လာတဲ့အတွက် နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ ဆုံးရှုံးပါတယ်။ နိုင်ငံတော်ကို တရားဝင် တောင်သူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားတဲ့ အခွန်များကို တရားဝင်ဆောင်ပြီးမှ တင်သွင်းခွင့်ပြုဖို့ မေတ္တာရပ်ခံ တောင်းဆိုသွားမှာပါ" လို့ ၎င်းက ပြောပါတယ်။

အာလူးအစုအဖွဲ့ ဒု-–ဥက္ကဋ္ဌ ဦးနေဝင်းထွန်းက အစိုးရအနေဖြင့် တောင်သူများ အမှန်တကယ်လိုအပ်နေတဲ့ အရည်အသွေးနဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့များ၊ စက်ကိရိယာများ၊ ခေတ်မီနည်းပညာများ၊ အအေးခန်းသိုလှောင်ရုံများ၊ ချေးငွေထုတ်ချေးမှုများ၊ ဈေးကွက်တည်ငြိမ်ရေးနဲ့ တောင်သူများ အကျိုးစီးပွားအကာအကွယ်ပေးတဲ့ ဥပဒေများ စတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ အာလူးစိုက်ဧက စုစုပေါင်း ၉၀ဝဝဝ ကျော်ရှိပြီး ရှမ်းပြည်နယ်မှာ ဧက ၅၀ဝဝဝ ကျော်စိုက်ပျိုးနေပြီး မကွေးတိုင်းမှာလည်း စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး အာလူးထွက်ရှိလျက်ရှိပါတယ်။ ပြည်တွင်းစားသုံးမှုမှာ စာရင်းအချက်အလက် ကောက်ယူထားခြင်းမရှိ၍ တိတိကျကျခန့်မှန်းဖို့ ခက်ခဲနေပါတယ်။

 

Export, Import Read 511 times