လူဦးရေ ၅သန်းခွဲအတွက် ဒေါ်လာ သန်း ၃၁၀ ဓာတ်အားစက်ရုံ စတင်ထုတ်လုပ်


20 March, 2019

မန္တလေးတိုင်း ဒေသကြီးမှာ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရင်းနှီးမြှုပ်နှံထားတဲ့ လျှပ်စစ်ဓာတ်အားစက်ရုံ အသစ်ဟာ စင်ကာပူနိုင်ငံမှ Sembcorp ရဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုတစ်ရပ်ဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့ မတ်လ ၁၆ ရက်တုန်းက စတင်လည်ပတ်ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်အားစက်ရုံတွေထဲမှာ အကျိုးထိရောက်မှု အကောင်းဆုံးစက်ရုံဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်မှုမှာ နေရောင်ခြည် ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်မှုကိုပါ ထည့်ပေါင်းထားတဲ့ စက်ရုံအမျိုးအစားမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ စက်ရုံမှ တစ်နှစ်လျှင် ဓာတ်အားပမာဏ ၁ ၅၀၀ ဂိုင်ဂါဝပ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ အဆိုပါ ဓာတ်အားစက်ရုံကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး လူဦးရေ ငါးသန်းခွဲနီးပါးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်မှုမှာ ဆိုလာပြားများဖြင့် ဓာတ်အားထုတ်လုပ်မှုကို ထည့်ပေါင်းပေးဖို့အတွက် ဓာတ်အားစက်ရုံ အဆောက်အဦ ခေါင်မိုးတွေမှာ ဆိုလာပြားတွေ တပ်ဆင်ထားပြီး အများဆုံးအနေဖြင့် ၁၀၆ ကီလိုဝပ် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လျှပ်စစ်ဓာတ်အားကို ဓာတ်အားစက်ရုံသုံးအဖြစ် သုံးစွဲမှာ ဖြစ်လို့ ဓာတ်ငွေ့ဓာတ်အားစက်ရုံမှ ထုတ်လုပ်မှု ဓာတ်အားပမာဏကို အသားတင် ရရှိစေမှာ ဖြစ်ပါတယ်။ စက်ရုံမှာ တပ်ဆင်ထားတဲ့ combined-cycle gas turbine ဟာလည်း မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ အဆင့်မြင့် နည်းပညာများကို သုံးစွဲပြီး ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်အောင် လုပ်ကိုင်ထားတဲ့အပြင် လေထုညစ်ညမ်းမှု ဖြစ်ပွားစေတဲ့ ဓာတ်ငွေ့စွန့်ထုတ်မှုကို အနည်းပါးဆုံးဖြစ်အောင်လည်း လုပ်ကိုင်ထားပါတယ်။

“စက်ရုံက နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို သုံးစွဲထားတယ်။ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားကဏ္ဍ ခေတ်သစ်တစ်ခု ရောက်စေဖို့ အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်” Sembcorp မှ အဆင်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အခုလို ဓာတ်အားစတင်ထုတ်လုပ်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍရဲ့ private-public partnership ပုံစံဖြင့် လုပ်ကိုင်ခြင်းအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

Sembcorp က အခုလို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရန်ပုံငွေကို Asian Development Bank, Asian Infrastructure Investment Bank နဲ့ International Finance Corporation တို့က အရင်းအနှးိ ထည့်ဝင်ကြတဲ့အပြင် ပုဂ္ဂလိကငွေကြေးလုပ်ငန်းတွေဖြစ်တဲ့ Clifford Capital, DBS Bank, DZ Bank နဲ့ OCBC Bank တို့လည်း ပါဝင်ခဲ့ကြပါတယ်။

Source The Straits Times
 

Local News Read 3142 times