၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ စွမ်းအင်ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်းကဏ္ဍဟာ ကျပ်ငွေ ၆၂၉.၉ ဘီလျံအထိ အရှုံးပေါ်နိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ၅၀၇.၉ ဘီလျံအရှုံးပေါ်ခဲ့ပြီး ခန့်မှန်း ထားတာထက် ကျပ်ငွေ ၁၀၀ ဘီလျံခန့် ပိုမိုလျော့နည်းခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။
သုံးစွဲမှု တရိပ်ရိပ်တိုးနေ
**************
အမျိုးသားလျှပ်စစ်ဓာတ်အားစနစ်စီမံကိန်း (NEP) ကို လက်ရှိအချိန်မှာ အကောင်အထည်ဖော်နေဆဲဖြစ်ပြီး အိမ်ထောင်စုတစ်စုချင်းစီရဲ့ ဓာတ်အားသုံးစွဲမှုဟာ တစ်ရိပ်ရိပ်တိုးတက်လာတယ်လို့လည်း သူက ပြောပါတယ်။
လွန်ခဲ့သော ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့က အစိုးရသစ်အာဏာရရှိလာချိန်တွင် နိုင်ငံအတွင်းရှိ အမျိုးသား ဓာတ်အားပေးကွန်ရက်မှထုတ်လုပ်သော လျှပ်စစ်စွမ်းအင်များကို သုံးစွဲသည့်အိမ်ထောင်စုစာရင်းမှာ ၃၄ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
“၂နှစ်ကျော်ကာလအတွင်းမှာ ဓာတ်အားသုံးစွဲတဲ့အိမ်ထောင်စုစာရင်းဟာ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာခဲ့ ပါတယ်။ လာမယ့် ၂နှစ်ခွဲအတွင်းမှာ ဒီ ၆ ရာခိုင်နှုန်းအတိုင်း ဆက်လက်တိုးတက်လာခဲ့မယ်ဆိုရင် ဓာတ်အား သုံးစွဲတဲ့ စုစုပေါင်းအိမ်ထောင်စုစာရင်းဟာ ၄၆ ရာခိုင်နှုန်းအထိ ရှိလာမှာဖြစ်ပါတယ်” လို့ ဒေါက်တာထွန်းနိုင်က ပြောခဲ့ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လက်ရှိအစိုးရအာဏာသက်တမ်းကုန်ဆုံးချိန် ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းက စုစုပေါင်းအိမ်ထောင်စုရဲ့ ၅၅ ရာခိုင်နှုန်းထက်မနည်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။
မျှော်မှန်းထားသည့် ရည်မှန်းချက်အတိုင်း ကိုက်ညီနိုင်ဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနဟာ ၎င်းရဲ့ စွမ်းအင် အခြေခံအဆောက်အအုံများတည်ဆောက်ရေး ကုန်ကျစရိတ်များကို အဖြတ်အတောက်မရှိဘဲ အပြည့်အဝရရှိဖို့ လွှတ်တော်ထဲမှာ တောင်းဆိုထားပါတယ်။
ကျပ် ၆၃၀ ဘီလျံခန့် အရှုံးပေါ်မည်
***********
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းမှာ စွမ်းအင်ကဏ္ဍအတွက် ကျပ်ငွေ ၁.၈၆ ထရီလီယံအထိ အသုံးပြုသွားမှာဖြစ်ပြီး ယင်းကဏ္ဍမှဝင်ငွေ ကျပ် ၁.၂၂ ထရီလီယံသာ ရရှိထားသည့်အတွက် ယင်းကာလအတွင်းမှာ ကျပ် ၆၃၀ ဘီလျံခန့် အရှုံးပေါ်မှာဖြစ်ပါတယ်။
ယင်းအရှုံးပေါ်သည့်ငွေများကို ကာမိစေရန်အတွက် လျှပ်စစ်စွမ်းအင်အသုံးစရိတ်များကို တိုးမြှင့်ကောက်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မဂ္ဂါဝပ် ၄၀၀ စက်ရုံကြီး ဆောက်လို့ရတယ်
*************
အစိုးရမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် စိုက်ထုတ် သုံးစွဲနေရသည့်အတွက် အရှုံးပေါ်နေသဖြင့် လိုအပ်သည့်လျှပ်စစ် ဓာတ်အားလိုင်းသစ်များ မတည်ဆောက်နိုင်သေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
“တကယ်တမ်း ပြောရရင် အဲဒီ ဘီလီယံ ၅၀၀ ဆိုတဲ့ ပမာဏကိုသာ အသုံးပြုမယ်ဆိုရင် လျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံကြီး ဆောက်မယ်ရင် မဂ္ဂါဝပ် ၄၀၀ ထုတ်လို့ရတဲ့ စက်ရုံကြီး ဆောက်လို့ရတယ်” ဟု ဇူလိုင် ၂၃ ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန် ပထမရက် အစည်းအဝေးအပြီးတွင် ၎င်းက ဧရာဝတီသို့ ပြောခဲ့ပါတယ်။
လျှပ်စစ်ခွန်(မီတာခ) တိုးဖို့လိုအပ်နေ
***************
အဲ့ဒါကြောင့် လက်ရှိ အသုံးပြုနေတဲ့ မီတာခ နှုန်းထားကို ပြောင်းလဲ ကောက်ခံရမည့် အနေအထားရှိကြောင်း၊ ကောက်ခံရသည့် အကြောင်းရင်းမှာ ပြည်သူများအသုံးပြုနေတဲ့ ဓာတ်အား ၁ ယူနစ်ထုတ်လုက်ပါက ၁ ယူနစ်ရဲ့ ကုန်ကျစရိတ်မှာ ၁၀၀ နီးပါကုန်ကျကြောင်း၊ ဖြန်ဖြူးရောင်းချချိန်တွင် ၁ ယူနစ် ၃၅ ကျပ်မှ ၅၀ နှုန်းဖြင့်သာ ပြန်လည်ရောင်းချရသဖြင့် အစိုးရမှာ အရှုံးပေါ်နေကြောင်း၊ ထိုကဲ့သို့ နှစ်စဉ် အရှုံးပေါ်နေသဖြင့် လိုအပ်တဲ့ ဓာတ်အားလိုင်း အသစ်များကို ဆက်၍ တည်ဆောက်နိုင်ခြင်းမရှိသဖြင့် မီးမရရှိသေးသည့် ပြည်သူများမှာ မီးရရှိရန် အတွက် အလှမ်းကွာဝေးမှုများရှိနေခြင်းဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
မီးရသူများနှင့် မီးမရသေးသူများ
******************
“မီးသုံးတဲ့ သူတွေ အတွက် အရှုံးခံနေရတာ။ မီးမရသေးတဲ့ သူတွေ အတွက်က ဒီအရှုံးက သူတို့အတွက် ဘာအကျိုးခံစားခွင့်မှ မရှိဘဲနဲ့ အရှုံးပေးနေရတာ။ ကျန်တဲ့ ပြည်သူတွေ အားလုံး အတွက်လည်း မျှဝေပြီးတော့ ဆောင်ရွက်သင့်တာပေါ့လေ” လို့ ၎င်းက ပြောပါတယ်။
ပြည်သူတိုင်းက မိမိ သုံးသည့် လျှပ်စစ် ပမာဏ အတွက် တန်ရာ တန်ကြေးကို ပေးသင့်ကြောင်း၊ ထိုမှသာ မီးမရသေးသည့် ပြည်သူတွေ အတွက် ကြိုးပမ်းခွင့်ရမည်ဖြစ်ကြောင်း၊ လက်ရှိမီးသုံးနေသည့် ပြည်သူများ မီးမရသေးသည့် သူများ၏ အခက်အခဲကို ကိုယ်ချင်းစာဖို့ လိုအပ်ကြောင်း၊ မီးရပြီးတဲ့ ပြည်သူများအတွက်သာ အစိုးရမှ နှစ်စဉ်စိုက်ထုတ်မှုများ ပြုလုပ်နေရတဲ့ အတွက် မီးမရသေးသည့် ပြည်သူများမီးရရန် မျှော်လင့်ချက် ဝေးနေရာ မသင့်တော်တဲ့အတွက် အားလုံးဝိုင်းဝန်းစဉ်းစားဖို့လိုကြောင်း ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။
၂ ဆ ပိုမိုလိုအပ်မည်
*************
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိတဲ့အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိ နေခြင်းဖြစ်ပြီး၊ နှစ်စဉ် လျှပ်စစ်လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demand Forecast ) အရ (၂၀၂၀-၂၀၂၁)ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မှာဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိ နေဆဲဖြစ်ပါတယ်။
Myanmar Times ဧရာဝတီ MOEE