ဘဏ်နှင့် ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု


14 August, 2018

ပုဂ္ဂလိကဘဏ်နှင့် ငွေလဲကောင်တာများက အမေရိကန်ဒေါ်လာ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းဘောင်အတွင်းမှသာရောင်းဝယ်ခွင့်ပြုထားရာမှ အဆိုပါသတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုလိုက်သည်။

နိုင်ငံခြားငွေရောင်း၊ ဝယ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး၊ အလျှော့ပြုလုပ်၍ ရောင်းဝယ်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက်စွဲဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်ရ ဘဏ်များနှင့် နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ငွေလဲကောင်တာ (Money Changer) များထံသို့ ဖြန့်ဝေခဲ့သည့်စာတွင် ဖော်ပြထားသည်။

‘‘ဘဏ်တွေနဲ့ငွေလဲကောင်တာတွေကို ဈေးနှုန်းလွတ်လွတ် လပ်လပ်ဖြစ်သွားအောင် ဖွင့်ပေးလိုက်တဲ့သဘောပါ။ ဒေါ်လာဈေး ဖြစ်သင့်တာထက် ပိုမဖြစ်စေဖို့ ဗဟိုဘဏ်က ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တချို့ရှိနေပုံ ရတယ်။ အဲဒီအစီအမံနဲ့ ကိုက်မယ့်ဟာကို ကြိုတင်လုပ်တာဖြစ်ပါလိမ့်မယ်’’ ဟု ဘဏ်အကြံပေး ဦးရဲမင်းဦးက ပြောသည်။

အမေရိကန်ဒေါ်လာသည် နိုင်ငံတကာငွေကြေးဈေးကွက်တွင် တန်ဖိုးတက်လာခြင်း၊ ပြည်တွင်း၌ ဈေးကစားခြင်း၊ ကုန်သွယ်ရေးလိုငွေပြကာ ဒေါ်လာဝယ်လိုအားမြင့်တက်နေခြင်းတို့ကြောင့် ဇွန်လလယ်မှစ၍ ယနေ့အချိန်ထိ ဒေါ်လာတန်ဖိုးပြည်တွင်း၌ ဆက်တိုက်မြင့်တက်နေသည်။

ထို့ကြောင့် ငွေကြေးဈေးကွက်တည်ငြိမ်စေရန် ဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်များကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ ကြားထုတ်ချေးရန် စီစဉ်နေသလို ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာရောင်း ဝယ်ခြင်းအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းဖြစ်သည်။

Sevenday

Banking & Loan Read 769 times