ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း သုံးနှစ်အတွင်း အနိမ့်ဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းက ပြောပါတယ်။
ပြည်ပတင်ပို့တဲ့ ၂၅ မှတ် ဆန်တစ်အိတ်တန်ဖိုး ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းတဲ့အခြေအနေကို ရန်ကုန်ဈေးကွက်မှာ ကြုံတွေ့ရတယ်လို့ ၎င်းကဆိုပါတယ်။ ၂၅ မှတ် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းက ကျပ် ၁၉,၀၀၀ ခန့်မှ ကျပ် ၁၆,၅၀၀ သို့ ကျဆင်းသွားခြင်းဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်ဈေးကွက်မှာ စိုက်ပျိုးမြေဧက သုံးသန်းကျော်က ထုတ်လုပ်တဲ့ ဆန်များဈေးနှုန်းက လယ်သမားများကို စိတ်ပျက်စေတယ်လို့ ပဲခူးတိုင်းအရှေ့ခြမ်းမှ လယ်ဧက ၆၀ ကျော် နွေစပါးစိုက်ပျိုးထားတဲ့ လယ်သမားဦးဝိုင်းက ပြောပါတယ်။
ဦးနေလင်းက ပြည်တွင်းဆန်ဈေး ကျဆင်းမှုကို ဆန်ကုန်သည်များနဲ့ လယ်သမားများက တရုတ်နယ်စပ်မှ ဆန်တင်ပို့ခွင့်မရခြင်း တစ်ခုတည်းကိုသာ လက်ညှိုးထိုးနေပါတယ်။ တရုတ်အဝယ်မရှိလို့ ပြည်တွင်းဆန်ဈေးကျတာပေါ့လို့ ပြောပါတယ်။
နွေစပါးပေါ်ချိန် စပါးဈေးကျဆင်းမှုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများစီ အကြိမ်ကြိမ်စာပို့ခြင်း၊ တွေ့ဆုံတင်ပြခြင်းတို့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ‘‘အသင်းချုပ်အနေနဲ့ ဝယ်လိုအားမြင့်တက်စေမယ့် နည်းလမ်းမျိုးစုံအပေါ် ကြိုးစားနေလျက်ပါပဲ’’လို့ ဦးရဲမင်းအောင်က ဆိုပါတယ်။
ဒါပေမယ့် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားတဲ့ ချေးငွေများ အလျင်အမြန်ပြန်လည် ပေးဆပ်နိုင်ဖို့ လယ်သမားများက နွေစပါးကို တွန်းရောင်းနေခြင်းဟာ ဈေးနှိမ်ခံရတဲ့ အခြေအနေ ကြုံတွေ့စေတယ်လို့ ၎င်းက ဆိုပါတယ်။
လက်ရှိ အခြေအနေ ကျော်လွှားနိုင်ရေး တရုတ်နိုင်ငံသာမက ဘယ်နိုင်ငံမဆို ဆန်သားသီးသန့်သာမက လုံးတီးဆန်၊ ကုန်ကြမ်းစပါးဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုရှိပါက အသင်းချုပ်က စိစစ်သုံးသပ်ပြီး ခွင့်ပြုမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင် ဆန်ထုတ်လုပ်မှု နှစ်စဉ် တန်ချိန် ၁၄ သန်းခန့်ရှိပြီး ပိုလျှံဆန်တန်ချိန် လေးသန်းခန့်ရှိပါတယ်။ ၂၀၁၈ ဧပြီမှ၂၀၁၉ မတ်လအထိ ပြည်ပဆန်တင်ပို့မှု တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ဆန်တန်ချိန် လက်ကျန် တစ်သန်းကျော် ကျန်ရှိနေပါတယ်။
ထိုအချိန်မှာ ၁၀ စုနှစ်တစ်ခုအတွင်း တစ်ဟုန်ထိုး ဝယ်လိုအားတက်လာတဲ့ တရုတ်နိုင်ငံက ၂၀၁၈ အောက်တိုဘာက စတင်ပြီး နယ်စပ်မှ ဆန်တင်သွင်းမှုကို တားမြစ်ထားပါတယ်။ ထိုအခြေအနေကြောင့် ခုနစ်လအတွင်း မူဆယ်မြို့မှာ ဆန်တန်ချိန် ခြောက်သောင်းကျော် ပိတ်မိနေပါတယ်။
၎င်းအခြေအနေကို ဖြေရှင်းရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုးစားနေပြီး ကုန်ပစ္စည်းဖလှယ်တဲ့စနစ်ဖြင့် နယ်စပ်မှ ဆန်တင်ပို့ရေးလည်း စီစဉ်နေပါတယ်။ ဒါ့အပြင် တရားဝင်ခွဲတမ်း ရရှိထားတဲ့ ဆန်တန်ချိန်တစ်သိန်း ရောင်းချနိုင်ရေးလည်း ကြိုးပမ်းနေပါတယ်။
တရုတ်ကို ဆန်ရောင်းချရန် မြန်မာကုမ္ပဏီ ၇၀ ကျော်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို စာရင်းပေးထားပါတယ်။ ဆန်ရောင်းချလိုတဲ့ ကုမ္ပဏီများနေခြင်းက တရုတ်နိုင်ငံနဲ့ ညှိနှိုင်းရေး အခက်အခဲရှိနေတယ်လို့ အ သင်းတာဝန်ရှိသူအချို့က ပြောပါတယ်။
ထို့ကြောင့် အသင်းချုပ်က ကုမ္ပဏီ ၂၀ ခန့်အထိ လျှော့ချရန် ဆန္ဒရှိသော်လည်း တင်ပို့လိုသည့် ကုမ္ပဏီများက လက်မခံသဖြင့် တိကျသည့် ဆုံးဖြတ်ချက်ချမှတ် နိုင်ရန် အခက်အခဲအချို့ ရှိနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူအချို့က ဆက်လက်ပြောသည်။
7Day News