ဘဏ်ချေးငွေ အာမခံ မပါဘဲ ချေးရန်ခွင့်ပြု


15 January, 2019

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိသတ်မှတ်ထားသော အပေါင်အာမခံပစ္စည်းများမှလွဲ၍ အခြားနည်းဖြင့် ငွေချေးလိုပါက ၁၆ ရာခိုင်နှုန်းထက်မကျော်လွန်သော အတိုးနှုန်းဖြင့် ပုဂ္ဂလိကဘဏ်များက ငွေထုတ်ချေးနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။

ယခင်က စီးပွားရေးလုပ်ငန်းများအနေဖြင့် မရွှေ့ပြောင်းနိုင်သော အိမ်မြေအဆောက်အဦးကို အပေါင်အာမခံအဖြစ် ထားနိုင်မှသာ ချေးငွေရယူနိုင်ပြီး ယခုအခါ ဗဟိုဘဏ်က ယင်းတို့မလိုအပ်ဘဲ ငွေချေးခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"ခုညွှန်ကြားချက်ကို ကြိုဆိုပါတယ်။ အရင်ကတည်းက လုပ်သင့်တဲ့ကိစ္စပါပဲ။ ပိုင်ဆိုင်မှုနည်းပါးတဲ့ အလားအလာကောင်းတဲ့ လုပ်ငန်းတွေအတွက် ချေးငွေရယူနိုင်မယ့်လမ်းပွင့်သွားတာပေါ့။ ဘဏ်တွေကတော့ ဆုံးရှုံးနိုင်ချေနဲ့ပတ်သက်လို့ ပိုပြီး တာဝန်ယူမှုနဲ့လုပ်ဖို့လိုတယ်" ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

မြေနှင့် အဆောက်အဦ၊ ရွှေနှင့် ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုးတန်ကျောက်မျက်ရတနာ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ထားနိုင်သည့် ငွေချေး သက်သေခံလက်မှတ်နှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင်၊ ချေးငွေအာမခံတို့ကို ဘဏ်ချေးငွေ အပေါင်အာမခံအဖြစ် သတ်မှတ်ထားပြီး ယခုဗဟိုဘဏ်ညွှန်ကြားချက်အရ ယင်းတို့မှလွဲ၍ တခြားသောအပေါင်အာမခံ သို့မဟုတ် အာမခံပစ္စည်းမပါဘဲ ဘဏ်ချေးငွေ ထုတ်ချေးနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိအတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေအတိုးနှုန်းမှာ ၈ မှ ၁၀ ရာခိုင်နှုန်းအတွင်း၊ ချေးငွေအတိုးနှုန်းမှာ ယခုညွှန်ကြားချက်အရ ၁၀ မှ ၁၆ ရာခိုင်နှုန်းအတွင်း ဖြစ်သည်။

Voice

Banking & Loan Read 8393 times