ပုဂ္ဂလိကဘဏ်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသို့ ကျပ် ၃၁၉ ဒသမ ၂၂၈ ဘီလျံ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ ကျပ် ၈၆၈ ဒသမ ၇၃၃ ဘီလျံ ထုတ်ချေးထားကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကဘဏ်များက လယ်ယာကဏ္ဍ၊ SME ကဏ္ဍထုတ်ချေးမှု အခြေအနေကို ရာခိုင်နှုန်းနှင့်တကွ သိရှိလိုခြင်းနှင့်ပတ်သက်၍ ကိန်းဂဏန်း အချက်အလက်များကို ဗဟိုဘဏ် အနေဖြင့် သီးခြားခွဲခြားကာ မှတ်တမ်းတင်ထားခြင်း မရှိကြောင်း၊ သက်ဆိုင်သည့် ဌာနမျ ားဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အစိုးရပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှ စာရင်းများကို ပေါင်းစုပြီး ဖြေကြားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းတွေအရ ပုဂ္ဂလိကဘဏ်များမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ထုတ်ချေးငွေပေါင်း ကျပ် ၃၁၉ ဒသမ ၂၂၈ ဘီလျံဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေစုစုပေါင်း၏ ၁ ဒသမ ၇၃ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။
အသေးစားနဲ့ အလတ်စားလုပ်ငန်းမျ ား (SME)သို့ ထုတ်ချေးငွေပေါင်းက ကျပ် ၈၆၈ ဒသမ ၇၃၃ ဘီလျံဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေစုစုပေါင်း၏ ၄ ဒသမ ၇၁ ရာခိုင်နှုန်း ရှိပါသည်ဟု ၎င်းက ပြောခဲ့ပါသည်။
ပုဂ္ဂလိကဘဏ်များက အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးရာတွင် ငွေကြေးအရင်းအမြစ်ကို အဓိက အားဖြင့် သုံးမျိုး တွေ့ရှိနိုင်ကြောင်း၊ ပထမတစ်မျိုးမှာ JICA ၏ ထောက်ပံ့မှုဖြင့် နှစ်ဆင့်ထုတ်ချေးမှုဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းမျ ားသို့ ထုတ်ချေးငွေတွင် JICA ၏ ထောက်ပံ့မှုဖြင့် ရရှိသော ချေးငွေများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပထမအဆင့် နှစ်ဆင့်ချေးငွေအဖြစ် ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလျ ံ (ကျပ် ၆၂ ဘီလျံ) ကို အတိုးနှုန်းတစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၄၀ ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ ထုတ်ချေးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်မှ ပြည်တွင်းဘဏ်များသို့ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်များသို့ ချေးငွေများ ထုတ်ချေးထုတ်ပေးခဲ့ပြီး ယင်းဘဏ်များမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ JICA Two Step Loan ဖြင့် ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ လုပ်ငန်းရှင် ၂၉၇ ဦးအား ကျပ် ၆၁ ဒသမ ၈၆၇ ဘီလျံ ထုတ်ချေးခဲ့ကြောင်း ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဒုတိယအဆင့် နှစ်ဆင့်ချေးငွေ ယန်း ၁၄ ဒသမ ၉၄၉ ဘီလျ ံ (ကျပ် ၁၈၅ ဘီလျ ံ)ကို JICA မှ မြန်မာ့ စီးပွားရေးဘဏ်သို့ ထုတ်ချေးခဲ့ကြောင်း၊ ယင်းချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း၊ ဒုတိယအမျိုးအစားမှာ ဘဏ်များမှကိုယ်ပိုင်ငွေကြေးအရင်းအမြစ် (ပြည်သူများ၏ အပ်နှံငွေများမှ ထုတ်ချေးခြင်း) ဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးငွေ စုစုပေါင်းကျပ် ၇၃၂ ဒသမ ၉၄၀ ဘီလျ ံဖြစ်ကြောင်း၊ ယင်းချေးငွေတွင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကဘဏ်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (CGI) အစီအစဉ်အရ SME များသို့ ထုတ်ချေးငွေများပါဝင်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ CGI စနစ်ဖြင့် ပုဂ္ဂလိကဘဏ်သုံးဘဏ်မှ လုပ်ငန်းရှင် ၂၂၆ ဦးသို့ ကျပ် ၂ ဒသမ ၆၅၃ ဘီလျံ ထုတ်ချေးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။
JICA က ပံ့ပိုးသည့်နှစ်ဆင့် ချေးငွေကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ အနေဖြင့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရရှိနိုင်သည့်အတွက် သက်သာသော ချေးငွေဖြစ်ကြောင်း၊ အခြားချေးငွေများသည် ဈေးကွက်ပေါက်ဈေးဖြင့် ထုတ်ချေးသည့် ချေးငွေများဖြစ်ကြောင်း၊ အထူးသဖြင့် အပ်နှံငွေအပေါ် အခြေခံ၍ ထုတ်ချေးသည့် ချေးငွေမျ ားအနေနှင့် ဈေးကွက်ပေါက်ဈေးအောက် သက်သာသည့် အတိုးနှုန်းဖြင့် ထုတ်ချေးရန် အခက်အခဲရှိကြောင်း၊ အနာဂတ်တွင် SMEs များအတွက် ချေးငွေရရှိနိုင်သည့် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Source: Eleven