ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးခွင့်ပြုရန် ဆွေးနွေ


11 February, 2019

လျှပ်စစ်မီးရရှိရေး ကော်မတီဖွဲ့စည်းရန် အခက်အခဲရှိသည့် ဒေသများတွင် ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးခွင့်ကို အကောင်အထည်ဖော်ပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ပါတယ်။

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ယင်းအဆိုကို တင်သွင်းပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ သဘောတူခဲ့ပါတယ်။ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းသည် နိုင်ငံတကာတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စီးပွားရေး လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့၌ ယင်းစနစ်ကျင့်သုံးခြင်းကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားအလွယ်တကူ အသုံးပြုနိုင်ကြောင်း ဦးဉာဏ်ဟိန်းက ပြောပါတယ်။

သို့သော် ထိုသို့ပုဂ္ဂလိကအများပိုင် ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုပါက ဓာတ်အားခနှုန်းထား အဆမတန် တောင်းခံမှုကြောင့် ပြည်သူများ အခက်အခဲတွေ့နိုင်သည့် စိန်ခေါ်မှုရှိသော်လည်း ဝန်ကြီးဌာနက ဈေးနှုန်းအမှန် သတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစားခွင့် ကာလသတ်မှတ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် ပြန်လည်ထိန်းကျောင်းနိုင်ပါတယ်။ ‘‘BOT စနစ်ဖော်ထုတ်စေခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းကလည်းပဲ ရန်ပုံငွေချို့တဲ့သော နိုင်ငံများအတွက် သူတစ်ပါးအရင်းအနှီးနဲ့ ဖွံ့ဖြိုးရေးတည်ဆောက်တဲ့ စနစ်တစ်ရပ်လည်း ဖြစ်ပါတယ်’’ ဟု ဦးဉာဏ်ဟိန်းကဆိုပါတယ်။

အစိုးရအနေဖြင့် ၂၀၃၀ ၌ ကျေးရွာအားလုံး လျှပ်စစ်ဓာတ်အား အသုံးပြုခွင့်ရရေး အမျိုးသားလျှပ်စစ်စီမံကိန်းအရ ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် ရည်မှန်းချက်အတိုင်း အောင်မြင်ရန် လွယ်ကူမှုမရှိကြောင်း ရွာငံအမတ် ဦးအောင်စိုးမင်းက အဆိုကို ထောက်ခံဆွေးနွေးစဉ် ပြောပါတယ်။ အမျိုးသား လျှပ်စစ်စီမံကိန်းအရ လျှပ်စစ်ဓာတ်အားရရှိရေး  ၄၀၀ ဗို့ဓာတ်အား လိုင်းသွယ်တန်းခြင်းကို ကျေးရွာများက ဆောင်ရွက်ရမည်ဖြစ်ရာ ယင်းအတွက်အခက်အခဲကြုံနေသည့် ကျေးရွာအများအပြားရှိနေပါတယ်။

‘‘ကျေးရွာတွေက ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်နိုင်ခြင်းမရှိရင် ဘယ်လိုလုပ်မီးလင်းမလဲ၊ ဒီကိစ္စကိုဖြေရှင်းဖို့ ကျွန် တော်တို့ဘယ်လို စဉ်းစားကြမလဲ၊ ပြည်သူအများစုရဲ့ လက်တွေ့အခက်အခဲကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ထည့်စဉ်းစားဖို့လိုနေပြီ’’ဟု ဦးအောင်စိုးမင်းကဆိုပါတယ်။ ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ် ကကြေညာလိုက်ပါတယ်။

7Day Daily

Local News Read 476 times