မြန်မာနိုင်ငံမှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၇၆ ခုအထိရှိလာပြီး ဒီအဖွဲ့အစည်းတွေက ကျပ် ၃,၉၇၁ ဘီလျံကျော်ကို မြို့နယ်တွေ ကျေးရွာတွေမှာ ထုတ်ချေးထားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက သိရပါတယ်။ အချက်အလက်တွေအရ ချေးငွေယူကြတဲ့ဦးရေဟာ ကျေးလက်၊ မြို့ပြစုစုပေါင်း သုံးသန်းကျော်အထိ ရှိနေပါတယ်။
အဖွဲ့အစည်းတွေများလာပြီး ချေးငွေထုတ်ချေးပေးနိုင်မှုတွေ များလာတာဟာ အောက်ခြေလူတန်းစားတွေအတွက် ချေးငွေရရှိမှုလွယ်ကူတာနဲ့ အထောက်အပံ့ဖြစ်စေတာမှန်ပေမဲ့ တစ်ဖက်မှာလည်း ပြန်မဆပ်နိုင်တာတွေ၊ အကြွေးထူပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာကြပါတယ်။
အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွေဟာ တစ်နေရာတည်းမှာ ထပ်လာပြီး လုပ်ငန်းလုပ်ကိုင်တဲ့သူ တစ်ဦးတည်းကို အဖွဲ့အစည်းသုံးခုလောက်က ငွေကြေးထုတ်ပေးလိုက်တဲ့အခါ ပြန်ဆပ်ရတဲ့ အချိန်ကာလကြာမြင့်လာပြီး အကြွေးထူ ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ပေါ်လာတယ်လို့ အသေးစားငွေကြေးလုပ်ငန်းလုပ်ကိုင်တဲ့ MIFIDA ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဆွေက ဆိုပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေရဲ့ တစ်ဦးချင်းစီကို ချေးပေးတဲ့ ချေးငွေမှာ အများစု ဖြစ်ပေါ်လေ့ရှိပြီး တစ်ဦးတည်း ပြန်လည်ပေးဆပ်ဖို့ တတ်နိုင်တဲ့ ပမာဏထက် ပိုချေးမိကြရာကနေ စတင်တယ်လို့ ၎င်းက ပြောပါတယ်။
ဒါတွေဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတွေထဲက အချို့အဖွဲ့အစည်းတွေရဲ့ စီးပွားရေးဆန်ဆန် လုပ်ကိုင်လာကြမှုတွေလည်း ပါဝင်နေတယ်လို့ မြန်မာ့အသေးစား ငွေကြေးလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူတွေက ထောက်ပြမှုတွေ ရှိနေပါတယ်။
''မြန်မာအစိုးရအနေနဲ့ ဆင်းရဲတဲ့ ပြည်သူတွေကို အထောက်အပံ့ဖြစ်စေဖို့ လိုင်စင်တွေ ပေးခဲ့တယ်။ သူတို့အနေနဲ့ အမြတ်အစွန်းရရှိအောင် လုပ်ကြတယ်ဆိုပေမဲ့လည်း ငွေချေးယူသူတွေရဲ့ဘဝတွေ တိုးတက်ဖို့အတွက် ဦးတည်လုပ်ဆောင်သင့်ပါတယ်''ဟု UN Capital Development Fund (UNCDF) မှ ဌာနေညှိနှိုင်းရေးမှူးဖြစ်သူ Paul Luchtenburg က ပြောပါတယ်။
ချေးငွေတွေ အများအပြား ချေးပေးခြင်း၊ တစ်ဦးတစ်ယောက်တည်းကို အဖွဲ့အစည်း အများအပြားက ချေးငွေပေးခြင်းတွေကို နေရာတိုင်းမှာ စတင်တွေ့မြင်လာရပြီး ဒါတွေကို ဂရုပြုရမယ်လို့ Pact Global Microfinance Fund ရဲ့ လက်ထောက်ဒါရိုက်တာ Mr. Jason S.Meikie ကလည်း ပြောပါတယ်။
''အထူးသဖြင့် ရန်ကုန်မြို့နဲ့ မြို့ပြဧရိယာတွေ၊ ရန်ကုန်နဲ့ ပဲခူးတစ်ဝိုက်က ဧရိယာအချို့မှာပါ။ ကျွန်တော်တို့ ဂရုမစိုက်ဘူးဆိုရင် အဲဒါဟာ ပြဿနာအကြီးကြီး ဖြစ်လာပါလိမ့်မယ်''လို့ ၎င်းက ပြောပါတယ်။
''တစ်ယောက်ကို နှစ်ဖွဲ့သုံးဖွဲ့ဆီက ချေးငွေယူတာမျိုး၊ ဒါမျိုးက ရှိတတ်ပါတယ်။ အဖွဲ့များတဲ့ဒေသတွေမှာ ပိုရှိတယ်။ ခုလောလောဆယ် အဖွဲ့များတယ်ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီလို့ အကြမ်းဖျင်းပြောလို့ရတယ်။ တားဖို့တော့ခက်တယ်''လို့ မြန်မာ့အသေးစား ငွေရေးကြေးရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဖြူယမင်းမြတ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍမှာ အချက်အလက်က အလွန်အရေးကြီးတဲ့ အကြောင်းအရာတစ်ခုအဖြစ် ပါဝင်တယ်လို့ မြန်မာ့အသေးစား ငွေကြေးလုပ်ငန်းတွေကို နည်းပညာဝန်ဆောင်မှု ပေးနေတဲ့ Thitsa Works Solutions Myanmar ရဲ့စီအီးအို ဦးညီငြိမ်းအေးက ဆိုပါတယ်။
''ရွာတစ်ရွာမှာ မြို့တစ်မြို့မှာ ပိုက်ဆံမပေးဘဲနဲ့ နောက်တစ်မြို့မှာ ပိုက်ဆံချေးတယ်ဆိုရင် အဲဒီလူသည် ပိုက်ဆံမပေးဘဲ ထွက်လာတယ်ဆိုတာ သိဖို့အတွက် အချက်အလက်လိုတယ်။ အသေးစားချေးငွေလုပ်ငန်းတွေက တစ်ယောက်နဲ့တစ်ယောက် ဖလှယ်တော့မှ သိနိုင်မယ်''လို့ ၎င်းက ပြောပါတယ်။
''ကျွန်တော်တို့ လိုအပ်နေတာက စနစ်တစ်ခု ဆောင်ရွက်နေဆဲပါ။ ဘာလိုအပ်တာလဲဆိုတော့ အစိုးရထောက်ခံချက် ဖြစ်ပါတယ်။ အဲဒီကစနစ်က ခရက်ဒစ်ဗျူရိုလိုမျိုး ဆိုပေမဲ့အကန်အသတ်နဲ့ အချက်အလက်မျှဝေမယ့် ပုံစံမျိုးပါ''ဟု Mr. Jason S.Meikie က ပြောပါတယ်။
ခရက်ဒစ်ဗျူရိုဆိုတာကတော့ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန ဖြစ်ပါတယ်။ ချေးငွေရယူလိုတဲ့ လုပ်ငန်းတွေရဲ့အချက်အလက်တွေကို ချေးငွေထုတ်ပေးမယ့် ငွေကြေးအဖွဲ့အစည်းတွေက အလွယ်တကူရယူနိုင်ဖို့ အချက်အလက်တွေ ထိန်းသိမ်းမှတ်တမ်းတင်ထားတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။
ဒီစနစ်ပုံစံမျိုးနဲ့ ပတ်သက်ပြီး အခုလက်ရှိအချိန်မှာ သက်ဆိုင်ရာအစိုးရဌာနကို တင်ပြထားပြီး ခွင့်ပြုချက်ရရင် ဆက်လက်လုပ်ဆောင်မယ်လို့ မြန်မာ့အသေးစား ငွေရေးကြေးရေးအသင်းက သိရပါတယ်။
''ချေးနေတဲ့အဖွဲ့အစည်းက ၁၇၆ ခု အပြည့်မရှိဘူး။ အပိုင်းတစ်ပိုင်းလောက်ပဲ။ အဲဒီတစ်ပိုင်းထဲမှာ ၅ဝ ရာခိုင်နှုန်းလောက်က ဒစ်ဂျစ်တယ်စနစ်သုံးတယ်။ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းလောက်က ဒစ်ဂျစ်တယ်စနစ် မရှိသေးဘူး''လို့ ဦးညီငြိမ်းအေးက ပြောပါတယ်။
လက်ရှိအချိန်မှာ သက်ဆိုင်ရာ အစိုးရဌာနတွေက လုပ်ကိုင်ခွင့်ချပေးထားတဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းတွေကို ပြန်လည်စိစစ်မှုတွေလုပ်ဖို့လိုတယ်လို့ မြန်မာ့အသေးစား ငွေရေးကြေးရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။
အသေးစားချေးငွေလုပ်ငန်းတွေမှာ ပြည်ပကလာတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေ ဆိုပြီးတော့ ရှိပါတယ်။ အသေးစားချေးငွေ လိုင်စင်ရထားတဲ့ အဖွဲ့အစည်းတွေထဲမှာ ပြည်ပအဖွဲ့အစည်း အရေအတွက်က နည်းပေမဲ့ သူတို့ဝန်ဆောင်မှုပေးနေတဲ့သူတွေက ပြည်တွင်းအဖွဲ့အစည်းတွေထက် များတယ်လို့ Thitsa Works Solutions Myanmar အဖွဲ့အစည်းထံက သိရပါတယ်။
''ကျွန်မပတ်ဝန်းကျင်မှာတော့ အကြွေးထဲမှာ လည်နေတဲ့သူတွေပဲ များတယ်။ ထူထူထောင်ထောင်ဖြစ်သွားတဲ့သူ မတွေ့သလောက်ပဲ''လို့ ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့က အသေးစား ချေးငွေချေးယူသူတစ်ဦးဖြစ်တဲ့ မသက်က ဆိုပါတယ်။
''ချေးတာက ကုမ္ပဏီက ၁၂ ခုလောက်ရှိတယ်။ လူတစ်ယောက်ကို ကုမ္ပဏီ ခြောက်ခု၊ ခုနစ်ခုလောက် ယူကြတာ၊ လုပ်တဲ့အလုပ်အကိုင်နဲ့ ချေးငွေ မမျှတော့ ပြန်မပေးနိုင်တော့တာ''ဟု ၎င်းက ဆက်လက်ပြောပါတယ်။
အခုလိုဖြစ်စဉ်တွေကို စနစ်တကျထိန်းသိမ်းမှု မလုပ်ဆောင်နိုင်ရင် ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြတာတွေလည်း ရှိလာပါတယ်။
''ငွေချေးသူတွေအနေနဲ့ ချေးငွေတွေ ဆက်ပြီးတော့ ယူရင်းနဲ့ ပြန်ဆပ်ရင်းနဲ့ အခြေအနေတွေ ပိုပိုဆိုးလာတယ်။ ပထမဆုံးအနေနဲ့ ငွေချေးယူတဲ့သူတွေထိခိုက်ပြီး အခက်အခဲတွေဖြစ်လာမယ်။ ဒုတိယအနေနဲ့ ကြွေးနွံနစ်တာတွေ ဖြစ်လာရင် အသေးစားငွေကြေး လုပ်ငန်းတွေဘက်ကလည်း အကျိုးအမြတ်ပိုင်းမှာထိခိုက်လာမယ်''လို့ Paul Luchtenburg က ပြောပါတယ်။
ကြွေနွံနစ်တာတွေ၊ ကြွေးထူတာတွေ မဖြစ်စေဖို့ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းအနေနဲ့လည်း အလေးထားလုပ်ဆောင်နေပြီး စစ်တမ်းတွေအရ ဂရုပြုကာကွယ်ဖို့ အချိန်ရောက်နေပြီလို့ အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဖြူယမင်းမြတ်က ပြောပါတယ်။
''ကြွေးနွံနစ်နေပြီလားဆိုတော့ ခုနက ကျွန်မပြောတဲ့ဥပမာမျိုး ကြားဖူးရင် ကြွေးနွံနစ်နေသူတွေ ရှိကောင်းရှိနေပြီ ပြောလို့ရတယ်။ ဈေးကွက်ကြီးတစ်ခုလုံးအနေနဲ့ တစ်နိုင်ငံလုံးအနေနဲ့တော့ မဟုတ်ဘူးပေါ့'' လို့ ၎င်းက ပြောပါတယ်။
အခုအချိန်မှာ အသေးစားချေးငွေနဲ့ပတ်သက်ပြီး ချေးငွေအများကြီး ချေးတာ၊ ကြွေးဝန်ပိတာတွေဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးလက်တွေမှာ ပိုပိုပြီး ကြားလာရပါတယ်။
''တချို့ငွေချေးတဲ့သူတွေ ဆိုရင်လည်း အိမ်ပိုင်မဟုတ်ဘဲနဲ့ အိမ်ငှားတွေ၊ ကုမ္ပဏီဘက်က အိမ်ပိုင်ပဲဆိုပြီးတော့ ချေးလိုက်ရော၊ ကုမ္ပဏီတွေက သူတို့တစ်ခုတည်းမဟုတ်ဘဲ တခြားမှာ ချေးထားတယ်ဆိုတာသိပေမဲ့လည်း ပုံမှန်ပြန်ဆပ်နိုင်ရင် ပြီးတာပဲဆိုပြီးတော့ ချေးလိုက်ရော၊ ဝင်ငွေနဲ့ ထွက်ငွေမမျှတော့ လူတွေက ပြေးကုန်ရော''လို့ မသက်က ပြောပါတယ်။