စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ စောင်လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသောစောင်များ ပြည်တွင်းစောင်စျေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းရမည့် အနေအထားနှင့် ကြုံတွေ့နေရကြောင်း မုံရွာမြို့နယ်ရှိ ချည်မျှင်နှင့် အထည်စောင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။
မြန်မာ့စောင်များ၏ အရည်အသွေးမှာ တရုတ်စောင်အရည်အသွေးထက် သာလွန်သော်လည်း စျေးနှုန်းအရ တရုတ်စောင်ပစ္စည်းသည် မြန်မာ့စောင်များထက် ပိုမိုစျေးသက်သာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သို့မထိုးဖောက်နိုင်ဘဲ ရှိနေကြောင်း သိရပါသည်။
မုံရွာမြို့၌ စောင်လုပ်ငန်းကို နှစ်ပေါင်း ၅၀ ကျော်ကြာ ပြည်တွင်းဒေသအသီးသီးသို့ ဖြန့်ချိနိုင်သော်လည်း နောက်ပိုင်းတွင် တရုတ်စောင်များ စျေးကွက်အတွင်း တဖြည်းဖြည်း ဝင်ရောက်လာသည့်အတွက် စောင်လုပ်ငန်းမှာ ရပ်နားထားရမည့်အခြေအနေထိ ဖြစ်လာကြောင်း သိရပါသည်။
မုံရွာမြို့ စက်မှုဇုန်သည် ယခင်က စောင်ချည်မျှင်လုပ်ငန်း ၁၇၀ ခန့်ရှိပြီး ဂွမ်းဖတ်လုပ်ငန်း ၂၀၀ ခန့်ရှိကြောင်း၊ ယခုနှစ်တွင် ချည်မျှင်လုပ်ငန်း ၁၀ ခုခန့်နှင့် ဂွမ်းဖတ်လုပ်ငန်း ၅၀ ခန့်သာ ကျန်ရှိကြောင်း သိရပါသည်။
မုံရွာစောင်လုပ်ငန်းရှင်များအနေဖြင့် ယခင်က စက်ရုံတစ်ရုံလျှင် တစ်နှစ်အတွင်း စောင်အရေအတွက် သုံးသိန်းနှင့် ငါးသိန်းကြား ထုတ်လုပ်နိုင်သော်လည်း ယခုအခါ တရုတ်စောင်များ စျေးကွက်ထိုးဖောက်လာခြင်းကြောင့် ယခုနှစ်တွင် အထည်ရေတစ်သိန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။
မုံရွာမြို့တွင် စောင်ရက်လုပ်သော ရက်ကန်းလုပ်ငန်းများလည်း လုပ်ကိုင်သူမရှိသလောက် ရှားပါးနေကြောင်း မုံရွာမြို့ ချည်မျှင်နှင့် အထည်စောင်လုပ်ငန်းရှင်များထံမှ သိရပါသည်။
Source:myawaddy newspaper