နှစ်လအတွင်း မြန်မာနိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၃၁၀ ကျော်အထိ လျော့ကျခဲ့ပြီး လက်ရှိတွင် မဂ္ဂါဝပ် ၂,၉၀၀ ကျော်အထိသာ ထုတ်လုပ်ထားနိုင်ခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရ သိခဲ့ရပါတယ်။၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၀ ရက် တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၃,၂၇၁ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၅ ရက် တွင်မူ အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂,၉၅၆ ဒသမ ၄ မဂ္ဂါဝပ် အထိ သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် နှစ်လအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၃၁၄ ဒသမ ၆ မဂ္ဂါဝပ်အထိ ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ ၂,၉၅၆ မဂ္ဂါဝပ်အနက် ရန်ကုန်တိုင်း ဒေသကြီ၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုသည် ၁,၁၂၆ ဒသမ ၆ မဂ္ဂါဝပ်အထိရှိပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု ၏ ၃၈ ရာခိုင်နှုန်းကျော် အထိရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၄၆၁ ဒသမ ၉ မဂ္ဂါဝပ်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၆၂ ရာခိုင်နှုန်းအထိရှိပြီး နေပြည်တော်နယ်မြေ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၁၃ ဒသမ ၈ မဂ္ဂါဝပ် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း သိခဲ့ရပါတယ်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁,၂၅၄ ဒသမ ၂ မဂ္ဂါဝပ်ရှိပြီး ရာခိုင်နှုန်းအား ဖြင့် ၄၂ ရာခိုင်နှုန်းကျော်အထိရှိကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိလျှပ်စစ်သုံးစွဲမှု ပမာဏထက် တစ်ဆတိုး၍ သုံးစွဲလာနိုင်မည် ဖြစ်ကြောင်း မေ ၉ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် Yangon Investment Forum 2018 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရန်ကုန်မှာ နောက်ထပ် သုံးစွဲမယ့်လျှပ်စစ်ဟာ လက်ရှိရန်ကုန်ရဲ့သုံးစွဲနေတဲ့ ၁,၃၀၀ မဂ္ဂါဝပ်ကနေ ၁၅၀၀ ကြားကို နောက်တစ်ဆတိုးပြီးသုံးမယ်ဆိုရင် တောင် ၁,၃၀၀ ကနေ ၁,၅၀၀ ရှိတဲ့အတွက် တစ်ဆတိုး သုံးမယ်ဆိုရင်တောင် ၃၀၀၀ မဂ္ဂါဝပ်ပဲ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ကို ရောက်လာမယ့်လျှပ်စစ်ဟာ ၁,၅၀၀ မဂ္ဂါဝပ်လောက်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထပ် တစ်ဆတိုးသုံးနိုင်လောက်တဲ့ အခြေအနေမျိုး ရန်ကုန်မှာ နောက်နှစ်နှစ်ခွဲ လောက်မှာ ဒီပရောချက်တွေကနေ ထွက်လာတော့မယ့် လျှပ်စစ်ကို ဖြုန်းပေးရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွက် ထပ်တိုးသုံးစွဲ နိုင်မည့် လျှပ်စစ်ဓာတ်အားကို ဧရာဝတီတိုင်း ဒေသကြီး၊ မီးလှောင်ချိုင့်ဒေသတွင် လျှပ်စစ်ဓာတ်အား ၁,၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် ဆောင်ရွက်ထားပြီး ယင်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားအနက် မဂ္ဂါဝပ် ၁,၀၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသ၌ Total ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား ၁,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်မည်ဖြစ်ပြီး ယင်းလျှပ်စစ်ဓာတ်အား ၁,၀၀၀ မဂ္ဂါဝပ်မှ ရန်ကုန်အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ရရှိမည်ဖြစ်သည့်အတွက် အဆိုပါ စီမံကိန်းနှစ်ခုမှ ရန်ကုန်တိုင်းအတွက် စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၅၀၀အထိ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
Eleven