ပြည်ပကို ငါးတင်ပို့ရာမှာ အထောက်အထားတောင်းခံမှုများ ရှိလာ


08 March, 2019

ပြည်တွင်းမှာ မွေးမြူထုတ်လုပ်တဲ့ငါးများကို ပြည်ပနိုင်ငံများစီ တင်ပို့ရောင်းချရာမှာ သတ်မှတ်ထုတ်ပြန်ထားတဲ့  စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာနိုင်ငံများမှ  အထောက်အထား တောင်းခံမှုများ  ပြုလုပ်လာပါတယ်။


လက်ရှိမှာ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄ဝ ကျော်စီ တင်ပို့နေပြီး ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံတို့မှလည်း အထောက်အထားတောင်းခံလာပြီး  ဆော်ဒီနိုင်ငံမှလည်း   တောင်းခံရန် ပြင်ဆင်နေပါတယ်။

ဘယ်နိုင်ငံမှာမဆို သူတို့လိုချင်တဲ့စနစ် ရှိတယ်။ တင်ပို့တဲ့ကုန်ပစ္စည်းအလိုက် ပါရှိရမယ့်အချက်အလက်တွေကို  ပို့မယ့်ကုန်ပစ္စည်းပေါ်မှာရှိရတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပါတယ်။

 နိုင်ငံအလိုက်   ပြည်ပမှတင်သွင်းရာမှာ သတ်မှတ်ချက်များ ရှိနေပြီး ကုန်စည်ပုံစံအမျိုးအစား တင်ပြမှုမှာ ပါဝင်တဲ့အချက်အလက်များ၊  စာရွက်စာတမ်းအားလုံး    ကိုက်ညီမှန်ကန်မှုရှိကြောင်း အာမခံရခြင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတ်သတ္တုပစ္စည်းများ ကင်းလွတ်ခြင်း၊ ထုပ်ပိုးရာမှာ ပါရှိသင့်တဲ့အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရခြင်းတွေကို သတ်မှတ်ထားပါတယ်။


 ါပြင် စားသုံးရန် သန့်ရှင်းလတ်ဆတ်မှုရှိရခြင်း၊ ထုပ်ပိုးမှုပုံစံအရ ဖော်ပြရမယ့် အလေးချိန်၊ စံချိန်စံညွှန်း၊ အရေအတွက်တို့ကို ဖော်ပြထားပေမယ့်လည်း အတွင်းမှကုန်ပစ္စည်းနှင့် ကိုက်ညီမှုရှိရခြင်းတွေကိုလည်း  သတ်မှတ်ထားပါတယ်။

ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီကနေ ဝယ်တယ်ဆိုရင် ဝယ်တဲ့သူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်။ အခုဆိုရင် ဆော်ဒီက သတ်မှတ်ချက်တွေ ရှိလာတယ်။ သတ်မှတ်တဲ့အတိုင်းမဟုတ်ရင် တင်သွင်းခွင့်ပိတ်မယ်ဆိုတော့   လိုက်နာဆောင်ရွက်ရမှာပေါ့လို့  ရေထွက်ပစ္စည်း ပြည်ပပို့ကုန်လုပ်ငန်းရှင် ဦးတင်လှက ပြောပါတယ်။

လက်ရှိမှာ ရေထွက်ကုန်အလိုက် ပါဝင်မှုအချိုးအစားများကို ကုန်အမှတ်တံဆိပ်ပေါ်မှာ ဖော်ပြထားမှုမရှိခြင်း၊ တံဆိပ်များကို သိသာထင်ရှားစွာ ဖော်ပြထားမှုမရှိခြင်း၊ တံဆိပ်လွဲမှားကပ်ခြင်း၊ တံဆိပ်ပေါ်မှာ အစားအစာအမည်ကို ဖော်ပြထားမှုမရှိခြင်း စတဲ့အချက်များကြောင့်  ငြင်းပယ်ခံခဲ့ရမှုများ ရှိနေပါတယ်။

 

The Myawaddy Daily

Myanmar Industry Directory

Export, Import Read 366 times