မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်မယ့် နယ်စပ်စီးပွားရေးဇုန် စီမံကိန်းတွေမှာ ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်နိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ အမြန်ဆုံးခေါ်ယူဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသဖြစ်တဲ့ မူဆယ်မှာ အဆိုပါ စီးပွားရေးဇုန်စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ဖို့ စီစဉ်နေပြီး မေလကုန်ပိုင်း ညှိနှိုင်းအစည်းအဝေးပြီးရင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူနိုင်မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
‘‘နိုင်ငံတကာ တင်ဒါမခေါ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်တွေကိုပဲ ခေါ်သွားဖို့ စီစဉ်ထားပါတယ်’’ လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ချင်းရွှေဟော်မှာလည်း စီးပွားရေးဇုန်များ တည်ထောင်ဖို့ စီစဉ်ထားပါတယ်။
နယ်စပ်စီးပွားရေးဇုန်တွေကို အကောင်အထည်ဖော်ခြင်းဟာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။
မြန်မာ - တရုတ် နယ်စပ်စီးပွားရေးဇုန်တွေမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ လုပ်ကိုင်ခွင့်များလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းများမှာ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ရောင်းချခွင့်၊ စက်မှုဇုန်များလည်း ပါဝင်ပါတယ်။
စီးပွားရေးဇုန်များ အကောင်အထည်ပေါ်လာရင် ပြီးခဲ့တဲ့နှစ်တွေက ကြုံတွေ့ရတဲ့ တရုတ်နိုင်ငံအတွင်း မြန်မာနိုင်ငံမှ ကုန်သည်တွေရဲ့ ဘဏ်ငွေစာရင်း အပိတ်ခံရမှုတွေ ရှိနိုင်တော့မှာ မဟုတ်တော့ကြောင်း ဦးခင်မောင်လွင်က ပြောပါတယ်။
7Day Daily