ထိုင်းနိုင်ငံမှ (PTTEP) က မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံ ထူထောင်လုပ်ကိုင်ဖို့


24 July, 2018

ထိုင်းနိုင်ငံမှ PTT Exploration and Production Plc (PTTEP) က မြန်မာနိုင်ငံမှ စွမ်းအင်မူဝါဒ ရေးဆွဲသူတွေကို ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံ ထူထောင်လုပ်ကိုင်ဖို့ ကမ်းလှမ်းထားပါတယ်။

တကယ်လို့ အဲဒီစီမံကိန်း အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် PTTEP International Co ရန်ကုန်ရုံးခွဲမှ တာဝန်ယူ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

PTTEP International ရဲ့ အထွေထွေ မန်နေဂျာဖြစ်သူ Piya Sukhumpanumet ကကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Global Power Synergy Plc (GPSC)နဲ့အတူ စီမံကိန်းကို လုပ်ကိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသား ရေနံနဲ့ဓာတ်ငွေ့ လုပ်ငန်းစုကြီး ဖြစ်တဲ့ PTT Plc ဟာ အခု တင်ပြတဲ့ PTTEP နဲ့ GPSC တို့ရဲ့ မိခင်လုပ်ငန်းစုကြီး ဖြစ်ပါတယ်။ GPSC ဟာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ 

စီမံကိန်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ရာချီပြီး ကုန်ကျမယ်လို့ သူက ဆိုပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ရှာဖွေတူးဖော်ရေးနဲ့ ထုတ်လုပ်ရေးတို့ကို တန်ဖိုးပိုရှိစေမှာ ဖြစ်ပါတယ်။

ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံကို ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ဆက်သွယ်ပြီး လိုအပ်တဲ့ ဓာတ်ငွေ့တွေကို ပေးပို့မှာ ဖြစ်ပါတယ်။ မုတ္တမပင်လယ်ကွေ့မှာ တည်ရှိတဲ့ ဇောတိက ဓာတ်ငွေ့လုပ်ကွက်ထံမှ ရယူမှာ ဖြစ်ပြီး တစ်နေ့ကို သန်း ၄၀၀ ကုဗပေ ပေးပို့နိုင်ပါတယ်။ PTTEP က M3 လုပ်ကွက်မှာလည်း လုပ်ကိုင်နေပြီး မကြာခင်မှာ ဓာတ်ငွေ့တွေ ထုတ်လုပ်ပေးပို့နိုင်တော့မှာ ဖြစ်ပါတယ်။

MOGE မှ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ ဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်တွေ လေလံတင်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီအတွက် သဘောတူညီချက်မှာ ပါမယ့်အချက်တွေကို ပြန်လည်ပြုပြင် ရေးဆွဲနေပါတယ်။ အဓိကအားဖြင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲငင်ဖို့ ဖြစ်ပါတယ်

Piya Sukhumpanumet က ပြောကြားတာမှာ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လိုင်စင်တွေကို PTTEP International က တင်ဒါဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကုန်တွင်းနဲ့ ကမ်းလွန် နှစ်မျိုးစလုံးမှာ ဝင်ပြိုင်မယ်လို့ သူက ပြောပါတယ်။

PTTEP က ရတနာ၊ ရဲတံခွန်၊ ဇောတိက လုပ်ကွက်တွေမှာ လုပ်ကိုင်နေပြီး နောက်ထပ် လုပ်ကွက် ၅ ခုမှာ E&P လုပ်ငန်းစဉ်ကို လုပ်ကိုင်လျက် ရှိပါတယ်။

Local News Read 584 times