PTTEP က ဒေါ်လာ ၂၃.၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ၅နှစ်တာ အစီအစဉ်ရေးဆွဲ


03 December, 2020

မြန်မာနိုင်ငံ ကမ်းလွန် ဇောတိက ဓာတ်ငွေ့သိုက် လုပ်ကွက်တွင် လုပ်ကိုင်နေသော ထိုင်းကုမ္ပဏီ PTT Exploration and Production Public (PTTEP) က အမေရိကန်ဒေါ်လာ ၂၃.၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ငါးနှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ရေးဆွဲထားသည်။

ငါးနှစ်တာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သည် ရေနံထုတ်လုပ်မှုကို ထိန်းသိမ်းရန်နှင့် ရေရှည်တိုးတက်မှုအတွက် အဓိကကျသည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အရှိန်မြှင့်တင်ရန်အတွက် ဖြစ်သည်။

နှစ်စဉ် ရေနံရောင်းအား ၆% တိုးရန်လည်း ရည်မှန်းချက်ထားရှိသည်။

အစီအစဉ်ကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ (ဘတ် ၁၃၂ ဘီလီယံ) ကို အရင်းအနှီးနှင့် လည်ပတ်အသုံးစရိတ်အတွက် ခွဲဝေသုံးစွဲမည်ဖြစ်သည်။

PTTEP ၏ အမှုဆောင် အရာရှိချုပ် Phongsthorn Thavisin က "၂၀၂၁ ခုနှစ်ဟာ ရှာဖွေတူးဖော်ထုတ်လုပ်ရေး (exploration & production -E&P)လုပ်ငန်း ကဏ္ဍအတွက် နောက်ထပ် စိန်ခေါ်နေတဲ့ နှစ်တစ်နှစ် ဆက်ဖြစ်နေဦးမယ်။ ဘာလို့လဲဆိုတော့ Covid-19 ကပ်ရောဂါ နဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှုနဲ့ ပတ်သက်လို့ မသေချာမရေရာ ဖြစ်နေရတာတွေက စွမ်းအင်ဝယ်လိုအားနှင့် ရေနံစျေးနှုန်းများအပေါ် တိုက်ရိုက်သက်ရောက်မှု ဆက်လက်ရှိနေဦးမယ်" ဟု ပြောသည်။

PTTEP သည် အဖွဲ့အစည်း၏ဖွဲ့စည်းပုံနှင့် စီးပွားရေးအစီအစဉ်များကို ပြုပြင်ပြောင်းလဲခဲ့ပြီး အထူးသဖြင့် ကုန်ကျစရိတ်များကို လျှော့ချခြင်း၊ လုပ်ငန်းလည်ပတ်မှု အားကောင်းလာစေရန်နှင့် မတည်ငြိမ်သော ဈေးကွက်ထဲမှာ ကုမ္ပဏီကို ခံနိုင်ရည်ရှိစေရန်တို့အတွက် ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် အရင်းအနှီးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ (ဘတ် ၆၁.၂ ဘီလီယံ) ကို ထိုင်းနိုင်ငံရှိ S1, Bongkot နှင့် Arthit နှင့် မြန်မာနိုင်ငံရှိ ဇောတိက ဓာတ်ငွေ့သိုက်များနှင့် မလေးရှားရှိစီမံကိန်းများကို ဆက်လက်လုပ်ကိုင်ရန်အတွက် သုံးစွဲမည် ဖြစ်သည်။ လုပ်ကိုင်ရန် အစီအစဉ် ရှိထားပြီး ဖြစ်သည့် Bongkot ဓာတ်ငွေ့သိုက်မှ G2/61 လုပ်ကွက်နှင့် Erawan မှ G1/61 လုပ်ကွက်တို့ လုပ်ငန်းလည်ပတ်ရန်အတွက် သုံးစွဲမည် ဖြစ်သည်။

PTTEP သည် အနာဂတ် ထုတ်လုပ်မှုပမာဏ တိုးစေရန်အတွက် အဓိကျသည့် စီမံကိန်းများကို ဆက်လက်ဖွံ့ဖြိုးအောင် ရှေ့ဆက်လုပ်ကိုင်မည် ဖြစ်ပြီး ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၄၉၃ သန်း (ဘတ် ၁၅.၅ ဘီလီယံ) လျာထားသည်။ ထိုစီမံကိန်းများတွင် မိုဇမ်ဘစ်နိုင်ငံရှိ Area 1 Project နှင့် အယ်လ်ဂျီးရီးယား ရှိ Hassi Bir Rekaiz Project တို့ ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံရှိ Sarawak SK410B လုပ်ကွက်ကိုလည်း အရှိန်မြှင့်တင်မည် ဖြစ်သည်။

ရှာဖွေတူးဖော်ရေး လုပ်ကိုင်မှုများကိုလည်း လုပ်ကိုင်မည် ဖြစ်ရာ အမေရိကန်ဒေါ်လာ ၁၅၂ သန်း သုံးစွဲမည် ဖြစ်ပြီး ရေရှည်ကြီးထွားရေးကို ဦးတည်ဆောင်ရွက်မည် ဖြစ်သည်။ ရှာဖွေတူးဖော်မှုများကို မလေးရှားနှင့် မက္ကဆီကို နိုင်ငံတို့တွင် လုပ်ကိုင်မည် ဖြစ်သည်။

bangkokpost.com

Investment/Divestment Read 735 times