အနာဂတ်မှာ တိုးတက်မှု အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းက လက်ရှိအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပုံရိပ်ကျဆင်းနေပေမဲ့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းအပေါ်ယုံကြည်မှုရှိတဲ့ ခရီးသွားလုပ်ငန်းရှင်တွေက နောက်တစ်ဆင့်တက်လှမ်းဖို့ ပြင်ဆင်နေကြပါပြီ။ရှေ့ကိုတက်လှမ်းဖို့ ပြင်ဆင်နေတဲ့အထဲမှာ မြန်မာ့ခရီးသွားလောကမှာ အောင်မြင်မှုရရှိနေတဲ့ အမတ ဟိုတယ်လုပ်ငန်းစုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ်က မိသားစုပိုင် ဟိုတယ်လုပ်ငန်းက စတင်ခဲ့တဲ့ အမတဟိုတယ်လုပ်ငန်းစုက ၂ဝ၁၈ ခုနှစ် ဇူလိုင်ကစပြီး မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ခွင့်ပြုချက်ရ မြန်မာ့ပထမဆုံး အများပိုင်ခရီးသွားလုပ်ငန်းကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။အများပိုင်ခရီးသွားလုပ်ငန်း ကုမ္ပဏီဖြစ်လာပြီးနောက် အောင်မြင်ပြီးသား ဟိုတယ်လုပ်ငန်းစုနဲ့ မီးပုံးပျံ ပျံသန်းခြင်းလုပ်ငန်းများအပြင် spa and wellness center ဘားနဲ့ စားသောက်ဆိုင်လုပ်ငန်း၊ Sightseeing ဝန်ဆောင်မှုလုပ်ငန်း၊ နိုင်ငံတကာဈေးကွက်မှာ ခရီးသွားလုပ်ငန်းတွေတိုက်ရိုက်ရောင်းချနိုင်တဲ့ ခရီးသွားအွန်လိုင်းဝက်ဘ်ဆိုက်၊ရဟတ်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း စတဲ့လုပ်ငန်းခွဲငါးမျိုးကို အနာဂတ်စီမံကိန်းအဖြစ် ပြင်ဆင်ဆောင်ရွက်နေပါတယ်။
''လူများစုကို အကျိုးရှိစေချင်တဲ့အတွက် အောင်မြင်ပြီးသား လုပ်ငန်းတစ်ခုကို မျှဝေတယ်၊ နောက်ထပ်ဆက် လက်ရရှိလာမယ့် အောင်မြင်မှုတွေရဖို့ လက်တွဲခေါ်တယ်လို့ ပြောလို့ရပါတယ်။ အများပိုင်ဖြစ်တဲ့အခါကျ လုပ်ငန်းစုတောင့်တင်းလာပြီး လုပ်ငန်းတွေကို အများအင်အားနဲ့လုပ်နိုင်တယ်''လို့ အမတဟိုးလ်ဒင်း အများပိုင်ခရီးသွားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးဝင်းအောင်က မြန်မာတိုင်း(မ်)ကိုပြောပါတယ်။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရဲ့ ခွင့်ပြုချက်ရ အများပိုင်ကုမ္ပဏီ ဖြစ်လာရေးကို ၂ဝ၁၆ ခုနှစ်က စတင်ပြင်ဆင်ခဲ့ရပြီး အများပိုင်ကုမ္ပဏီကတစ်ဆင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရဲ့ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ဖြစ်တဲ့အထိ ရည်ရွယ်ထားတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။
''ဘာလို့ အများပိုင်လုပ်လဲဆိုတော့ သြဂုတ်လကပြောင်းလဲလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား တွေကို အများပိုင်ကုမ္ပဏီမှာပဲဖြစ်ဖြစ် ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ဝင်လို့ရပြီ။ ဒါကြောင့် ကုမ္ပဏီကို ရန်ကုန် စတော့အိတ်ချိန်းမှာ မြန်မြန်စာရင်းဝင်ချင်တယ်'' လို့ သူကပြောပါတယ်။ လက်ရှိအချိန်ထိ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်၊ မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးလ်ဒင်း ပတ်ဘလစ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်(TMH)နဲ့ တယ်လီကွန်းပတ်ဘလစ် ကုမ္ပဏီလီမိတက်စတဲ့ အများပိုင်ကုမ္ပဏီ ငါးခုသာ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရဲ့ စာရင်းဝင်ကုမ္ပဏီအဖြစ် ရှိပါသေးတယ်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ခွင့်ပြုထားတဲ့ အများပြည်သူသို့အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခွင့်ပြုထားတဲ့ အများပိုင်ကုမ္ပဏီလေးခုအနက် အမတဟိုးလ်ဒင်း အများ ပိုင်ကုမ္ပဏီက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အစုရှယ်ယာရောင်းချခွင့်ရ အများပိုင်ခရီးသွားကုမ္ပဏီဖြစ်တဲ့အတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အဝင်္က ဘတ်ဂျက်ဟိုတယ် ငါးလုံးရဲ့ အစုရှယ်ယာ ၁၅ ဒသမ ၉၉ ရာခိုင်နှုန်းကို သြဂုတ်လ ၂ဝ ရက်က စတင်ရောင်းချလျက်ရှိပါတယ်။
အမတက ရောင်းချပေးတဲ့ အစုရှယ်ယာ ၁၅ ဒသမ ၉၉ ရာခိုင်နှုန်းက အဝင်္ကဘတ်ဂျက်ဟိုတယ် ငါးလုံး အတွက်သာဖြစ်ပြီး ဆက်လက်အကောင်ဖော်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစုတွေရဲ့ အစုရှယ်ယာကို ထုတ်ရောင်းဖို့ မရှိသေးဘူးလို့ ဦးဝင်းအောင်ကပြောပါတယ်။ အမတဟိုးလ်ဒင်းအများပိုင်ခရီးသွားကုမ္ပဏီက လက်ရှိဖွင့်လှစ်ထားတဲ့ ပုဂံ၊ အင်းလေး၊ ငပလီက ဟိုတယ်လေးလုံးအပြင် မြိတ်ကျွန်းစုမှာ အခန်း ၁၆ဝ ပါ အပန်းဖြေဟိုတယ် တစ်လုံးကို ၂ဝ၁၉ ခုနှစ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ပင်းတယ၊ ဘားအံ၊ ကလော၊ မော်လမြိုင်နဲ့ ပြင်ဦးလွင် မြို့တွေမှာ အဝကင်္နာမည်နဲ့ ဘတ်ဂျက် ဟိုတယ်ငါးလုံးကို မကြာမီဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ဒါ့ပြင် အမတဟိုးလ်ဒင်း အများပိုင် ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့ အနာဂတ်စီမံကိန်းအရ ပင်းတယ၊ ကလော၊ ရန်ကုန်၊ ဘားအံ၊ ချင်းပြည်နယ် ဝိတိုရိယ စတဲ့နေရာငါးခုမှာ အပန်းဖြေဟိုတယ်တွေ ဆက်လက်တည် ဆောက်မယ်လို့ဆိုပါတယ်။ အမတဟိုတယ်လုပ်ငန်းစုကဲ့သို့ ခရီးသွားလုပ်ငန်းအမျိုးစားချင်းတူတဲ့ (Myanmar First Investment)ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ (Memories Group) ခရီးသွားကုမ္ပဏီအနေနဲ့ စင်ကာပူ စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားပြီဖြစ်ပြီး ဟိုတယ်လုပ်ငန်းအပါအဝင် တခြား ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းတွေကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုနဲ့ တခြားခရီးစဉ်နေရာတွေမှာ တိုးချဲ့ဆောင်ရွက်နေပါတယ်။
''ပထမတုန်းက စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်ဖို့ မှန်းထားပေမဲ့ မမ်မိုရီဂရု(ပ်)ကလည်း စင်ကာပူမှာ စာရင်းဝင် လုပ်ပြီးသွားပြီဆိုတော့ အဲဒီဈေးကွက်ကိုမသွားတော့ဘူး။ ကျွန်တော်တို့ရဲ့ ရန်ကုန်စတော့ရှယ်ယာဈေးကွက်က အခုမှစတာဆိုတော့ စင်ကာပူကို မယှဉ်နိုင်သေးဘူး။ အဲဒီလိုစနေတုန်းမှာ ပါဝင်တဲ့အနေနဲ့ ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်မှာ ခရီးသွား ကုမ္ပဏီတစ်ခုအနေနဲ့ စာရင်းဝင်ဖြစ်လာဖို့ ရွေးချယ်တာဖြစ်တယ်''လို့ ဦးဝင်းအောင်က ရှင်းပြပါတယ်။မြန်မာနိုင်ငံရဲ့ လက်ရှိခရီးသွားလုပ်ငန်းအခြေအနေကို ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံသားခရီးသွားဝင်ရောက်မှု သိသိသာသာကျဆင်းနေတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်လုပ်ငန်းရှင်တွေ ဆက်လက်ရပ်တည်နိုင်ရေး ရုန်းကန်နေကြရပါတယ်။ အသေးစားနဲ့ အလတ်စား ခရီးသွားလုပ်ငန်းရှင်ငယ်လေးတွေက လက်ရှိအချိန်မှာ စီးပွားရေးမပြိုလဲနိုင်ရေး ကြိုးပမ်းနေရပေမဲ့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ခရီးသွားလုပ်ငန်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေထက်လက်ဦးမှု ရယူနိုင်ရေးကြိုးပမ်းနေတာက မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ ရှေ့အနာဂတ်အလားအလာကို သိသာထင်ရှားစေပါတယ်။
''ပြည်ပကကုမ္ပဏီတွေ အလုံးအရင်းနဲ့ မဝင်ရောက်ခင်မှာ ကိုယ့်လုပ်ငန်းတောင့်တင်းပြီး ပြည်ပက ဓနအင်အားကြီးမားတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကမရင့်ကျက်သေးတဲ့လုပ်ငန်းဖြစ်တယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက ဘယ်လိုရှိလဲ စောင့်ကြည့်နေကြတယ်''လို့ ဦးဝင်းအောင်က ပြောပါတယ်။
အမတဟိုတယ်လုပ်ငန်းဟာ နိုင်ငံတကာခရီးသွား ဧည့်သည်ဝင်ရောက်မှု အထူးသဖြင့် အနောက်နိုင်ငံသား ခရီးသွားဧည့်သည် ကျဆင်းမှုကြောင့် ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်းသွားပေမဲ့ လုပ်ငန်းစုတစ်ခုလုံးအတွက် ထူးခြားတဲ့ သက်ရောက်မှုမဟုတ်ဘူးလို့ ဆိုပါတယ်။''ခရီးသွားလုပ်ငန်းကျလို့ အများပိုင်လုပ်တာ မဟုတ်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ခရီးသွား လုပ်ငန်းက အလားအလာရှိတဲ့ လုပ်ငန်းဖြစ်နေတုန်းပဲ။ အမတအနေနဲ့လည်း ဆက်လက်ချီတက်နေတယ်။ အနောက်နိုင်ငံသား ခရီးသွားတွေ ကျတယ်ဆိုပေမဲ့ မကျတဲ့ဈေးကွက်တွေ၊ ပြည်တွင်းခရီးသွားတွေရှိတယ်'' လို့သူက ပြောပါတယ်။နိုင်ငံရေးမငြိမ်မသက်ဖြစ်မှု၊ ဘဘာဝဘေးအန္တရာယ်ကျရောက်မှုနဲ့ ကပ်ရောဂါဖြစ်မှု စတဲ့အချက်သုံးချက်ထဲက တခုခုနဲ့ငြိစွန်းရင် ခရီးသွားလုပ်ငန်းက အနည်းနဲ့အများ ထိခိုက်ခံစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်တည်မှုက ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးကြောင့်ဆိုပေမဲ့ခရီးသွားလုပ်ငန်းမှာ ရေရှည်သက်ရောက်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
''ခရီးသွား ၂ဝ ရာခိုင်နှုန်းလောက် ကျဆင်းတာနဲ့ ခရီးသွားလုပ်ငန်းတစ်ခုလုံး ကျဆင်းတယ်လို့ ပြောလို့မရဘူး။ မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးသွားဧည့်သည်တွေက အာရှနိုင်ငံသား ၇ဝ ရာခိုင်နှုန်းနဲ့ ၃ဝ ရာခိုင်နှုန်းက အနောက်၊ ဥရောပ၊ ရုရှားနဲ့ တခြားနိုင်ငံတွေပါမယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေကလာတဲ့ ခရီးသွားက သိပ်ကိုနည်းပါတယ်''လို့ ဦးဝင်းအောင်က ပြောပါတယ်။ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနစာရင်းအရ နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ဇွန်လ ကုန်အထိ ၁ ဒသမ ၇၂ သန်းဝင်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် အလားတူကာလမှာ ခရီးသွား ၁ ဒသမ၇၅ သန်းဝင်ရောက်ခဲ့ပြီး နှစ်ဝက်အတွင်း ခရီးသွား သုံးသိန်းခန့် ကျဆင်းပါတယ်။
လာမယ့် ပွင့်လင်းရာသီ ခရီးသွားချိန်မှာလည်း အနောက်နိုင်ငံတွေနဲ့ ဥရောပခရီးသွားဈေးကွက် အဓိကလုပ်တဲ့ ခရီးသွားကုမ္ပဏီတစ်ခုချင်းအလိုက် ၃ဝ ကနေ ၅ဝရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးနောင်းနောင်းဟန်က ပြောပါတယ်။မျှော်လင့်မထားတဲ့ ရခိုင်အရေးကြောင့် ခရီးသွားလုပ်ငန်းက ယခုနှစ်ပိုင်းအတွင်း အထိခိုက်အနစ်နာရဆုံးဖြစ်ခဲ့ ပေမဲ့ မကြာမီကာလအတွင်း အလားအကာကောင်းတွေနဲ့ ပြန်လည်ဦးမော့လာမှာဖြစ်လို့ အစိုးရက နိုင်ငံတကာခရီးသွားဧည့်သည်တွေ ပိုမိုဆွဲဆောင်နိုင်ရေး လိုအပ်နေသေးတဲ့ အခြေခံအဆောက်အအုံပိုင်း ပြင်ဆင်ထားသင့်ပြီလို့ ဦးဝင်းအောင်က အကြံပြုထားပါတယ်။
''ခရီးသွားတွေက နိုင်ငံအတွင်းကြာကြာမနေတော့ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေက သူများနိုင်ငံတွေလို ဝင်သင့်သလောက် မဝင်ဘူး။ ကြာကြာနေဖို့ဆိုရင် ကောင်းမွန်တဲ့လမ်းပန်းဆက်သွယ်ရေးရှိဖို့လိုတယ်။ ည့်သည်တွေ အတွက် ကျန်းမာသန့်ရှင်းတဲ့ လမ်းဘေးအစာတွေရှိရမယ်။ ဒါတွေက ပုဂ္ဂလိက လုပ်လို့မရဘူး။ အစိုးရကဒီအကြောင်း အရာနဲ့ပတ်သက်ပြီး နားလည်ဖို့လိုတယ်'' လို့ သူကပြောပါတယ်။
''သင်္ဘောကတော့ လောလောဆယ် အစီစဉ်မရှိသေးပါဘူး။ မီးရထားကတော့ တွဲအသစ်တွေ၊ စက်ခေါင်း အသစ်တွေ ပြေးလမ်းအသစ်တွေ ပြင်ဆင်ပြီးတော့ ဆွဲဖို့ရှိပါတယ်။ အဲဒီအခါကျ မီးရထားကို ခရီးသွားလုပ်ငန်းအနေနဲ့ စတင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်''လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာဖို့ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အားလုံးညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်မယ်ဆိုရင် ခရီးသွားလုပ်ငန်းက မတိုးတက်နိုင်စရာမရှိဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
''သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းနေတာရှိပါတယ်။ ဟိုတယ်ခရီး ဝန်ကြီးဌာနတစ်ခုတည်း လုပ်ဖို့လည်း အင်မတန်ခက်ခဲပါတယ်။ ဆက်စပ်ဝန်ကြီးဌာန တွေနဲ့ ခရီးသွားလုပ်ငန်းရှင်တွေပါဝင်မှ ဒီလုပ်ငန်းက အောင်မြင်မှာပါ။ စုပေါင်းညီညာအောင်ကြောင်းဖြာဆိုတဲ့ အတိုင်း ခရီးသွားလုပ်ငန်းဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း မလွဲမသွေ တက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်'' လို့ ဦးအုန်းမောင်က ပြောပါတယ်။
Myanmar times