မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်အတွင်း လုပ်ငန်းတိုးချဲ့မည့် PUMA


27 June, 2018

မြန်မာနိုင်ငံ၏ လက်လီစက်သုံးဆီဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ပြီးခဲ့သည့်နှစ်မှစတင်၍ ခြေလှမ်းစခဲ့သော ပြည်ပစွမ်းအင်ကုမ္ပဏီ ပူးမားသည် ၁ဝ နှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လက်လီဆီအရောင်းဆိုင် ၅ဝ ခန့်အထိ ဖွင့်လှစ်သွားရန် ရည်မှန်းထားသည်ဟု အဆိုပါကုမ္ပဏီ၏ မြန်မာရုံးခွဲ ကော်မာရှယ်မန်နေဂျာက ပြောခဲ့ပါသည်။

လတ်တလောတွင် ပူးမားသည် လက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရန်အတွက် နည်းလမ်းမျိုးစုံ ရှာဖွေကြိုးစားနေပြီး ပြည်တွင်းမိတ်ဖက်နှင့်ဖြစ်စေ၊ အစိုးရနှင့်ဖြစ်စေ ဖက်စပ်ဖွင့်လှစ်မည့် နည်းလမ်းသာမက အခြားရနိုင်သမျှ နည်းလမ်းများကို လမ်းဖွင့်ထားကြောင်း ၎င်းကပြောသည်။

ပူးမားသည် ပြည်တွင်းကုမ္ပဏီ အေးရှားဆန်းနှင့် ပူးပေါင်းတည်ထောင်ထားသော ပူးမား အင်နာဂျီအေးရှားဆန်းကုမ္ပဏီအနေဖြင့် သီလဝါစက်မှုဇုန်တွင် စုစုပေါင်းကုဗမီတာ ၉၁,ဝဝဝ ရှိသော သိုလှောင်ကန်ကြီးများ တည်ဆောက်ပြီး မြန်မာပြည်တွင်း လူသုံးများသော 92 Ron၊ 95 Ron တို့ကို လက်ကားရောင်းချနေပြီး ယခုအခါလက်လီ အရောင်းဆိုင်ဈေးကွက်သို့ ဝင်ရောက်ရန် ချဲ့ထွင်ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော် လက်လီအရောင်းဆိုင်ဖွင့်လှစ်ရန် အခက်အခဲများလည်း ရှိနေသည်။

အဓိကအဟန့်အတားဖြစ်တာကတော့ အိမ်ခြံမြေဈေးနှုန်း ဖြစ်ကြောင်း ဆီဆိုင်ဖြစ်တဲ့အတွက် မြေကျယ်ကျယ်နဲ့ လမ်းမတန်းဖြစ်ရမယ်။ တည်နေရာကလည်း အရေးပါတယ်ဆိုတော့ ခုနောက်ပိုင်း အိမ်ခြံမြေဈေးတွေကျတယ်ဆိုပေမဲ့ ဈေးနှုန်းက အတော်ကြီးမြင့်နေပါသေးတယ်ဟု ၎င်းကပြောခဲ့ပါသည်။

ထိုကဲ့သို့ အိမ်ခြံမြေဈေးအပြင် ပူးမားက ဆီဆိုင်ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် ၎င်းတို့စံနှုန်းအတိုင်း ဆောက်လုပ်ခြင်းဖြစ်သဖြင့် ဆီဆိုင်များဆောက်လုပ်ရန် နေရာရွေးချယ်ရာတွင် အခက်အခဲများရှိနေကြောင်း သိရပါသည်။

လက်ရှိတွင် စက်သုံးဆီအရည်အသွေးနှင့် ဆီဈေးအတက်အကျမြန်ဆန်မှုများကြောင့် စက်သုံးဆီသုံးစွဲသူများသည် ပြည်ပကုမ္ပဏီများ ဈေးကွက်အတွင်းဝင်လာရန် မျှော်လင့်နေကြပြီး အစိုးရကလည်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ကန့်ကွက်မှုများကြားက ပြီးခဲ့သည့်နှစ်မှစတင်ကာ ပြည်ပကုမ္ပဏီများအား စက်သုံးဆီ လက်လီရောင်းခွင့် စတင်ခွင့်ပြုခဲ့သည်။

ပူးမားသည် မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ပထမဆုံးသော ထိုလုပ်ငန်းအမျိုးအစား စတင်ခွင့်ပြုမိန့်ရသည့် ပြည်ပစွမ်းအင်ကုမ္ပဏီဖြစ်သည်။

Local News Read 434 times