QR Pass အွန်လိုင်းမှ မှတ်ပုံတင်သည့် စနစ် တိုက်ခိုက်ခံရ‌ ကြောင်း UMFCCI ထုတ်ပြန်


28 September, 2020

QR Pass အွန်လိုင်းမှ မှတ်ပုံတင်သည့် စနစ် တိုက်ခိုက်ခံရ‌ ကြောင်း UMFCCI အသိပေးကြေညာပါသည်။

အသိပေးကြေညာချက်
၂၀၂၀ ခုနစ်၊ စက်တင်ဘာလ (၂၈) ရက်

၁။ ကုန်သည်စက်မှုအသင်းချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုဖြင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော လုပ်ငန်းများမှ ဝန်ထမ်းများ မြို့နယ် ဖြတ်ကျော်ရာတွင် အထောက်အထားအဖြစ်ပြနိုင်မည့် QR Pass အစီအစဉ်ကို Online မှ အလွယ်တကူ မှတ်ပုံတင် ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်တွင် စတင်ခဲ့ပါသည်။
၂။ အဆိုပါအစီအစဉ်ကို အသုံးပြုရာတွင် စနစ်၏ လည်ပတ်မှုကို ထိခိုက်စေသော ဆိုင်ဘာနည်းပညာဆိုင်ရာ ထိုးဖောက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပါသည်။ စက်တင်ဘာလ (၂၇) ရက်နေ့ မွန်းလွဲ (၃:၃၀)တွင် စနစ်၏ဆောင်ရွက်မှုအား ထိခိုက်မှုများမရှိစေရန်နှင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် ခေတ္တ ရပ်ဆိုင်းထားခဲ့ပါသည်။ ညပိုင်းတွင်ပြန်ဖွင့်ခဲ့သော်လည်း အလားတူ ထိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့၍ ထပ်မံရပ်ဆိုင်းထားခဲ့ရပါသည်။ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၅) နာရီတွင် QR Pass အစီအစဉ်ကို ပြန်လည်လွှင့်တင်ခဲ့ပြီး နေ့လည်ပိုင်းအထိ ထိုးဖောက်မှုများ ဆက်လက်ရှိနေပါသည်။
၃။ QR Pass အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ Stay at Home ကာလ စားသောက်နေထိုင်ရေးကိစ္စများ အခက်အခဲမရှိစေရန် မရှိမဖြစ်လုပ်ငန်းများ ဖွင့်လှစ် ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများ၊ လုပ်သားများ စနစ်တကျသွားလာနိုင်ရန်တို့အတွက် လွှင့်တင်ထားခြင်းအား ယခုကဲ့သို့ ထိုးဖောက် လုပ်ဆောင်ခြင်းသည် မဖြစ်သင့်သည့်အပြင် ဥပဒေအရလည်း ပြစ်မှုမြောက်ပါသဖြင့် ယင်းသို့ ဆက်လက်လုပ်ဆောင်ခြင်းများ မပြုရန် သတိပေးအပ်ပါသည်။ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် ယခုအဖြစ်အပျက်ကြောင့် အဆင်မပြေဖြစ်ခဲ့မှုများ အားလုံးကို နားလည် ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Local News Read 1162 times