မကြာမီရက်ပိုင်းအတွင်း တောင်သူများအနေဖြင့် မိုးစပါးများကို စတင်စိုက်ပျိုးကြတော့မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းမှ တောင်သူများအနေဖြင့် ဈေးကွက်ဝင်ပြီး ဒေသနှင့်ကိုက်ညီသော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလာကြကြောင်း သိရပါသည်။
တောင်သူများစိုက်ပျိုးကြသောစပါးအမျိုးအစားများမှာ ရတနာတိုး၊ ထိုင်းကောက်၊ ရေဆင်းသုခ(၂)၊ ရွှေဘိုမနော၊ ဧရာမင်း၊ ဗျေ့ာထွန်း၊ ကောက်ကြီး(ဘေးကြား) အစရှိသည့်ဆန်မျိုးများဖြစ်ကြောင်း သိရပါသည်။
ယခုကာလသည် မိုးစပါးစိုက်ပျိုးရန်အတွက် အချိန်လိုအပ်နေသေးသော်ည်း ရာသီအချိန်ရောက်လျှင် ထန်ယက်ရေးဆောင်ရွက်ကြသည့်အခါ ထွန်စက်အစီးရေနည်းပါးခြင်းကြောင့် အချိန်ကြန့်ကြာမှုမရှိစေရန် ကြိုတင်၍ ထယ်ရေးပြင်ဆောင်ရွက်ခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။
မိုးစပါးအတွက် မျိုးရွေးချယ်ကြရာတွင် တောင်သူအချင်းချင်း မျိုးသန့်ဝယ်ယူခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ရောင်းချပေးသော မျိုးသန့်များကို ဝယ်ယူခြင်းတို့ဖြင့် မျိုးရွေးချယ်ကြပြီး အချို့သောတောင်သူများမှာ မျိုးသစ်ရရန် နေပြည်တော်၊ ရေဆင်း စိုက်ပျိုးရေးဌာနအထိ သွားရောက်ဝယ်ယူကာ မျိုးသန့်ပွားယူစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြကြောင်းလည်း သိရပါသည်။
မိုးရာသီစိုက်ပျိုးသည့် စပါးများမှာ နွေကာလကဲ့သို့မဟုတ်ဘဲ ရာသီဥတုအခြေအနေအပေါ်မူတည်သည့်အတွက် စပါးလေလွင့်မှုနည်းပါးစေရန် အထွက်နှုန်းကောင်းမွန်ပြီး ဥတုဒဏ်ခံနိုင်သော မျိုးစပါးများကို အများဆုံး ရွေးချယ်စိုက်ပျိုးလာကြကြောင်း သိရပါသည်။
Myanmar Alinn