၂၀၁၉ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံ မေလ ၆ ရက်နေ့မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးပေးမယ်လို့ သိရပါတယ်။
ချေးငွေထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးမှာဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်ခြင်းကိုတော့ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ပေးဆပ်ရမှာ ဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။
ချေးငွေနှုန်းထားများမှာ စပါးသီးနှံ တစ်ဧကကို ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံ တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ အရင်နှစ်တွေကလို့ တောင်သူတစ်ဦးချင်းက ၎င်းတို့ ပိုင်ဆိုင်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်မှာ အပေါင်အဖြစ် ပေးအပ်ကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံတဲ့စနစ်နဲ့ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။
ပခုက္ကူမြို့နယ်မှ ဆီထွက်သီးနှံစိုက်တောင်သူ ဦးဝင်းနိုင်က စာရင်းတွေတော့ ကောက်နေပြီ။ ချေးဖို့စာရင်းပေးပြီးပြီး။ ကျွန်တော်က နှမ်းကို ဧကနှစ်ဆယ်လောက် စိုက်တာဆိုတော့ တစ်ဧကကို စိုက်စရိတ်ချေးငွေ တစ်သိန်းက အလုပ်သမားခ၊ မြေဩဇာဝယ်ရတာနဲ့ အမှန်တကယ်တွက်ကြည့်ရင် မလောက်ပါဘူးလို့ ပြောပါတယ်။
လက်ရှိအစိုးရကာလ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ် တစ်သိန်းမှ ကျပ်တစ်သိန်းခွဲသို့လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်မှာ ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းသို့လည်းကောင်း၊ ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းသို့လည်းကောင်း ချေးငွေနှုန်းထားတွေကို သုံးကြိမ်တိုးမြှင့်ပေးခဲ့ပါတယ်။
တောင်သူတွေအနေနဲ့ ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ဖို့အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က အသိပေးကြေညာထားပါတယ်။
The Voice