ရခိုင်ဒေသတွင် လာရောက်ရင်းနှီးမြှုုပ်နှံရန် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက စိုးရိမ်မှုများရှိနေသော်လည်း ပြည်နယ်အတွင်း ရင်းနှီးမြှုုပ်နှံလုပ်ကိုင်ရန် အခွင့်အလမ်းများစွာရှိနေကြောင်းနှင့် အထူးဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းတွင် လာရောက်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ကတော့ ရင်းနှီးမြှုုပ်နှံသူတွေ လုပ်နိုင်မယ့်နေရာနဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေမှာ ပိုပြီးလုပ်နိုင်မယ်ဆိုရင် ခုနက စိုးရိမ်မှုအနည်းအကျဉ်းကိစ္စတွေ စိုးရိမ်စရာ ဒေသအစိတ်အပိုင်းလေးတွေ ဒါတွေကအလိုအလျောက် ပြေပျောက်ပြီး အဲဒီဒေသတွေကိုပိုပြီး မြှင့်တင်ချင်ပါတယ်။ဒီဘက်က လုပ်နိုင်တဲ့နေရာတွေ လုပ်နိုင်တဲ့အခွင့်အလမ်းတွေကို များများလုပ်နိုင်လေ ဟိုဘက်ကနေရာတွေက ပိုပြီးပြေလည်သွားလေ ဖြစ်မှာပါ။ အဲဒီလိုလည်း မျှော်လင့်ထားပါတယ်” ဟု ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၊ JICA နှင့် JETRO တို့ပူးပေါင်းကာ ရခိုင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှုပြပွဲကို ဖေဖော်ဝါရီ ၂၂-၂၃ ရက်များတွင် ငပလီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုုပ်နှံရန်အတွက် အထူးဦးစားပေး အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြစ်ပြီး ခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ရေးကို အဓိကလုပ်ကိုင်ကြရန် ဝန်ကြီးချုပ်က ပြောကြားသည်။
“ရခိုင်နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေတာတွေကို တကယ်လုပ်နိုင်တဲ့အနေအထားတွေကိုလည်းသိသွားအောင် တကယ်လုပ်နေတာတွေကိုလည်းသိသွားအောင် လုပ်နိုင်တဲ့သူတွေလည်း အချင်းချင်းချိတ်ဆက်ပြီးလုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ပြည်နယ်လုံးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်တဲ့ အခြေအနေ အခွင့်အလမ်းတွေ အကုန်လုံးကိုပြပြီး ညှိနှိုင်းပြီး လုပ်သွားမှာပါ။ အခုလည်း ကုမ္ပဏီသုံးခုလောက်က MoU ထိုးဖို့ လုပ်နေပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လတ်တလော ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုုပ်နှံရန် စိတ်ဝင်စားမှုများနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင် အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှုပြပွဲကျင်းပရန် မူလစီစဉ်စဉ်က ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်တို့ ပူးပေါင်းပြီးသာ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရ၏ စိတ်ဝင်စားမှုအရ JICA နှင့် JETRO တို့ကပါ ပူးပေါင်းပါဝင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လုပ်ငန်းရှင် အများစု တက်ရောက်မည်ဖြစ်သည်။
Eleven