ယခုနှစ် မိုးစပါးရာသီမှစတင်၍ မိုးစပါးစိုက်ဧက ၁၀၀ ဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်


20 July, 2018

ဆန်စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် မိုးစပါးရာသီမှစတင်၍ မိုးစပါးစိုက်ဧက ၁၀၀ ဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှသိရသည်။

မျိုးစေ့ထုတ်လုပ်ငန်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။

“ဒေါက်တာအောင်ထွန်းသက် ဦးဆောင်တဲ့ UEHRD အဖွဲ့ရဲ့ စိုက်ပျိုးရေးအဖွဲ့ကကြီးကြပ်မှုနဲ့ ဆန်စပါးအသင်းချုပ်ကကူညီပြီး မျိုးစေ့ထုတ်တာပါ။ ဆန်စပါးအသင်းချုပ်က အသင်းအဖွဲ့ဖြစ်တော့ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်လို့မရတဲ့အတွက် ဘယ်သူတွေဆောင်ရွက်မလဲဆိုပြီး ဖိတ်ခေါ်လိုက်တဲ့အခါ MAPCO ကုမ္ပဏီက ဆောင်ရွက်တာပါ”ဟု၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်ပြည်သူများအပေါ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (UEHRD) ၏ လုပ်ငန်းအဖွဲ့ကိုးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် မျိုးစေ့ထုတ်လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဆန်စပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်းကို စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာနှင့် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာတို့တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

The Voice

Local News Read 513 times