ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ဆန်သစ်များဝင်လာသော်လည်း အရောင်းအဝယ်ကျဆင်း


28 February, 2019

ယခုရက်ပိုင်းအတွင်း နယ်စုံမှထွက်တဲ့ ဆန်သစ်များ ရန်ကုန်ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်လာသော်လည်း အရောင်းအဝယ်ကျဆင်းနေတဲ့ အခြေအနေမျိုးဖြစ်နေကြောင်း ဆန်စပါးဒိုင် (ဝါးတန်း) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းထံမှ သိရပါတယ်။


"အခုက နယ်စုံကပေါ်ဆန်း ဆန်သစ်တွေ အကုန်ထွက်နေပြီး ဈေးကောင်းနေပေမယ့် အရောင်းအဝယ်ကတော့ မကောင်းဘူး။ ပေါ်ခါစတုန်းကတော့ စိုထိုင်းဆရှိနေလို့ ဈေးသိပ်မကောင်းဘူး။ အခုတော့ တဖြည်းဖြည်းနဲ့ဈေးကောင်းလာပေမယ့် အရောင်းအဝယ် အနေအထားအရ မကောင်းဘဲ ကျဆင်းနေတာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပါတယ်။

ယခုအခါ ကုန်စည်ဒိုင်အတွင်း ပေါ်ဆန်း(ဘိုကလေး) တစ်အိတ်လျှင် ငွေကျပ် ၃၆,ဝဝဝ မှ ကျပ် ၃၇,ဝဝဝ ကြား၊ ပေါ်ဆန်း(ရွှေဘို) တစ်အိတ်လျှင် ငွေကျပ် ၅၁,ဝဝဝ မှ ကျပ် ၅၃,ဝဝဝ ကြား ပေါက်ဈေးရှိနေသလို ဆန်ကြမ်းများတွင် ဧည့်မထ ရက် ၉၀ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၈,၅၀ဝ မှ ကျပ် ၁၉,၅၀ဝ ပေါက်ဈေး ရှိပြီး ဇီယာ(ရှယ်) ၂၅ မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် ၂၁,၅၀ဝ မှ ကျပ် ၂၁,၈၀ဝ အထိ ပေါက်ဈေးရှိကာ ရောင်းဝယ်နေကြပါတယ်။

"ဆန်သစ်တွေဝင်ပေမယ့် နမူနာချက်ကြည့်တယ်။ ကောင်းတဲ့ ဆန်ပဲ ဝယ်ကြတာများတယ်။ ဈေးကတော့ မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ ဒီလောက်ကြီးမကောင်းဘူး" ဟု ဆန်ကုန်သည် ဦးအောင်သူက ပြောပါတယ်။

The Myanmar Times

Myanmar Industry Directory

Local News Read 396 times