ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ် RCEP အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေး


27 December, 2020

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်တွင် အဖွဲ့ဝင် ၁၅ နိုင်ငံမှ RCEP စီးပွားရေးဝန်ကြီးများမှ နိုင်ငံ့ခေါင်းဆောင် များရှေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်အား အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ဒီဇင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် RCEP သဘောတူစာချုပ်အား ပဏာမတင်ပြ ဆွေးနွေး ခြင်းနှင့် ယင်းသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ် တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ဆွေးနွေးတင်ပြခဲ့ပြီး ရှင်းလင်းဆွေးနွေးခဲ့သည့် အကြောင်းအရာ များနှင့်စပ်လျဉ်း၍ အမေး အဖြေအစီအစဉ်လည်း ပါဝင်ခဲ့ကာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးများမှ ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက် ငါးနိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများ ပါဝင် စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေး သဘောတူစာချုပ်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ယင်းသဘောတူစာချုပ်၏ သမိုင်းကြောင်း၊ နောက်ခံအကြောင်းအရာ၊ မြန်မာနိုင်ငံမှ ရရှိမည့် အကျိုး ကျေးဇူးနှင့်အခွင့်အလမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ သိရှိစေလိုသည့် အကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဦးသန်းအောင်ကျော်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ များ၊အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ အမှုဆောင်အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည် စက်မှုအသင်းများမှ တာဝန်ရှိပုဂ္ဂိလ်များ၊ နယ်စပ်ကုန်သွယ်ရေး အသင်းများနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Myotaw News

Investment/Divestment Read 283 times