အကြွေးဝယ်ကတ် အတိုးနှုန်းမြှင့်ရန် ပုဂ္ဂလိကဘဏ်အချို့ ပြင်ဆင်


11 February, 2019

ဗဟိုဘဏ်က အတိုးနှုန်း ပြင်ဆင်သည့် ညွှန်ကြားချက်ထုတ်ပြန်ပြီး တစ်လအတွင်း  ပြည်တွင်းဘဏ်အချို့သည် အကြွေးဝယ်ကတ်(Credit Card)အတိုးနှုန်းများ တိုးမြှင့်ရန်ပြင်ဆင်လာပါတယ်။

 မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ၅၀၀ ကျော် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်က အကြွေးဝယ်ကတ်၏အတိုးနှုန်းကို လာမည့်မတ်လ ၁ ရက်ကစတင်ပြီး တစ်နှစ် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းသို့မြှင့်တင်မည်ဟု ကြေညာပါတယ်။ အခြားပြည်တွင်းပုဂ္ဂလိကဘဏ်များလည်း အကြွေးဝယ်ကတ် အတိုးနှုန်းများ မြှင့်တင်ရန်စီစဉ်နေပါတယ်။

အပေါင်ပစ္စည်းပါဝင်သည့် ချေးငွေအမျိုးအစားနှင့် အပေါင်ပစ္စည်းမပါသောချေးငွေ အမျိုးအစားနှစ်မျိုးကို ပုဂ္ဂလိကဘဏ်များက ခွဲထုတ်လိုပြီး ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သောအတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းညွှန်ကြားချက်က ပုဂ္ဂလိကဘဏ်များအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာပါတယ်။

ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များအား အပေါင်ပစ္စည်းပါဝင်သော ချေးငွေအမျိုးအစားကို ၁၃ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းမပါသော ချေးငွေအမျိုးအစားများကို အတိုးနှုန်းအများဆုံး ၁၆ ရာ ခိုင်နှုန်းအထိ ရယူခွင့်ပြုထားပါတယ်။  ဗဟိုဘဏ် ညွှန်ကြားချက်သည် အတိုးနှုန်းလျော့နည်းလိုသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားစရာမဟုတ်သော်လည်း ပုဂ္ဂလိကဘဏ်များအတွက် ချေးငွေကဏ္ဍဖွံ့ဖြိုးရေး တွန်းအားတစ်ခုဖြစ်ပါတယ်။

ဘဏ်တစ်ခုက ငွေချေးရာတွင် ဆုံးရှုံးနိုင်ခြေကိုတွက်ပြီး ဆောင်ရွက်ရခြင်းကြောင့် အကြွေးဝယ်ကတ်ကဲ့သို့ အပေါင်ပစ္စည်းမပါသော ချေးငွေအမျိုးအစားကို အပေါင်ပစ္စည်းပါသော ချေးငွေအတိုးနှုန်းထက် တိုးမြှင့်သတ်မှတ်ခြင်းက နိုင်ငံတကာ ဘဏ်လုပ်ငန်းအလေ့အထတစ်ခု ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

၂၀၁၅ ကစတင်ပြီး တစ်ကျော့ပြန်အသက်ဝင်လာသော အကြွေးဝယ်ကတ်စနစ်သည်  လစဉ်ဝင်ငွေရရှိသည့်လူလတ်တန်းစားများအကြား သုံးစွဲမှုပုံမှန်တိုးနေပါတယ်။ ဘဏ်နှင့် သုံးစွဲသူအကြား ယုံကြည်မှုတည်ဆောက်ပြီး လည်ပတ်နေသည့် အခြေအနေမျိုး ဖြစ်သည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က ပြောပါတယ်။

 ချေးငွေသတင်းအချက်အလက်ဌာန သက်ဝင်လာမည်ဆိုပါက လူတစ်ဦးချင်း၏ ငွေချေးနိုင်မည့် စံနှုန်းသတ်မှတ်ချက်များကို ဘဏ်များက လွယ်ကူစွာရရှိပြီး ငွေချေးလုပ်ငန်းလည်း ပိုမိုကျယ်ပြန့်လာမည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က ပြောပါတယ်။  မြန်မာနိုင်ငံတွင် ချေးငွေအချက်အလက်များစုဆောင်းနိုင်ရေးဌာန (Myanmar Credit Bureau) ထူထောင်ရန် ဗဟိုဘဏ်က ၂၀၁၈ မေလ၌ လိုင်စင်စတင်ထုတ်ပေးခဲ့ပါတယ်။

 မြန်မာနိုင်ငံတွင် ချေးငွေဆိုင်ရာ အချက်အလက်များကို ၉လမှ ၁၂ လ အတွင်း စတင်အသုံးပြုနိုင်ရန် မြန်မာ့ချေးငွေသတင်းအချက်အလက်ကုမ္ပဏီ(MMCB)နှင့် အမေရိကန်ကုမ္ပဏီတို့ ဒီဇင်ဘာ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

7Day Daily

Banking & Loan Read 2200 times