ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်း (Reconditioned Machine) တင်သွင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်


26 January, 2021

ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကာလတိုအတွင်း ပြည်တွင်းတွင် အသုံးမတည့်သောစက်ပစ္စည်းများ စုပုံနေခြင်းမှကာကွယ်ရန်နှင့်

ပတ်ဝန်းကျင်ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်အပြင် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည်တိုး တက်စေရန်တို့အတွက် ပြန်လည်ပြုပြင်ထားသောစက်ပစ္စည်း (Reconditioned Machine) တင်သွင်းခွင့်ပါ သတ်မှတ်ချက်များအား ပြင်ဆင်ဖြည့်စွက်၍ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၈ /၂၀၂၁

၁၃၈၂ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်

 (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် )

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ- ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်း ( Reconditioned Machine ) တင်သွင်းခွင့်ဆိုင်ရာ သတ်မှတ်ချက်

၁။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်သက်သာစေရန် ပြန်လည်ပြုပြင် ထားသည့်စက်ပစ္စည်း (ကုန်ထုတ်လုပ်သောစက်ပစ္စည်း) ကို အမိန့်ကြော်ငြာစာအမှတ် ၉၃/ ၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ (၂၀၁၅) ၏ အပိုဒ် ၁၁၈ ပါအတိုင်း တင်သွင်းခွင့်ပြုခဲ့ပါသည်။

၂။ ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကာလတိုအတွင်း ပြည်တွင်းတွင် အသုံးမတည့်သော စက်ပစ္စည်းများ စုပုံနေခြင်းမှ ကာကွယ်ရန်နှင့် ပတ်ဝန်းကျင် ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်အပြင် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည် တိုးတက် စေရန်တို့အတွက် ပြန်လည် ပြုပြင်ထားသော စက်ပစ္စည်း ( Reconditioned Machine ) ကို တင်သွင်းလိုသူများသည် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည် -

(က) အသေးစားနှင့် အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းဖြစ်ရမည်။

( ခ) အသုံးပြုပြီး စက်ပစ္စည်းကို အသစ်ကဲ့သို့ဖြစ်စေရန် လိုအပ်သည့် အစိတ်အပိုင်း များအား ပြင်ဆင်ခြင်း၊ လဲလှယ်ခြင်း၊ ဖြည့်စွက်တပ်ဆင်ခြင်းဖြင့် ပြုပြင်ထား သည့် အသင့်သုံးစွဲနိုင်သည့် အနေအထားဖြစ်ရမည်။

(ဂ) တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း ကောင်းမွန်စွာသုံးစွဲနိုင်ကြောင်းနှင့် ပြည်တွင်းတွင် လိုအပ်သော စက်အပိုပစ္စည်းများ ရရှိနိုင်သည့် စက်ပစ္စည်းများသာ

ဖြစ်ရမည်။

(ဃ) တင်သွင်းပြီးနောက် ၁၀ နှစ်အတွင်း ကောင်းမွန်စွာ သုံးစွဲနိုင်ကြောင်းနှင့် ပြည်တွင်းတွင် လိုအပ်သော စက်အပိုပစ္စည်းများ ရရှိနိုင်သည့် စက်ပစ္စည်းများ ဖြစ်ကြောင်း ပြည်ပမှ စက်ပစ္စည်းရောင်းချသူ၏ အာမခံချက် (Warranty) ပါရှိ ရမည်။

( င) စက်ပစ္စည်း၏ သုံးစွဲနိုင်သည့် ကြံ့ခိုင်မှု (Running Condition) နှင့်စပ်လျဉ်း၍ ဆိပ်ကမ်းဆိုက်ရောက်သည့်ရက် မတိုင်မီ ၆ လအတွင်း စစ်ဆေးထားသော သင်္ဘောမတင်မီ စစ်ဆေးပြီးလက်မှတ် (Preshipment Inspection Certificate)

ပါရှိရမည်။

၃။ ပြန်လည်ပြုပြင်ထားသည့် စက်ပစ္စည်းများ တင်သွင်းခွင့်ပြုသည့် သတ်မှတ်ချက်နှင့် အကျုံးဝင်မှုမရှိသော အောက်ပါပစ္စည်းများကို တင်သွင်းခြင်း မပြုရ -

(က) ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မိတ္တူကူးစက်၊ Printer ၊ တီဗွီ၊ ကွန်ပျူတာ အစရှိသည့် ကုန်ထုတ်လုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော အိမ်သုံး (Home Appliances) စက်ပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ ( ခ) မိမိ၏ ကုန်ထုတ်လုပ်ငန်းတွင် ကိုယ်တိုင်အသုံးပြုရန်မဟုတ်ဘဲ စီးပွားဖြစ် ပြန်လည်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် တင်သွင်းမည့် ပြန်လည်ပြုပြင်ပြီး စက်ပစ္စည်းများ။

၄။ လျှောက်ထားသူသည် တင်သွင်းလာသော ပြန်လည်ပြုပြင်ပြီးစက်ပစ္စည်းများအား သတ်မှတ်ချက်များ၊ လျှောက်ထားချက်ပါ အထောက်အထားများနှင့် ကိုက်ညီမှု ရှိမရှိ အကောက်ခွန် ဦးစီးဌာနမှ စိစစ်ရန်ခက်ခဲသည့် အခြေအနေတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။

၅။ အပိုဒ် ၄ ပါ စစ်ဆေးချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိကြောင်း စိစစ် တွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ ၆။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း (၆၀) ပြည့်မြောက်ပြီးသည့် နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်။

(ပုံ)

ဒေါက်တာသန်းမြင့်

ပြည်ထောင်စုဝန်ကြီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

စာအမှတ်၊ စက - ၁၄/ ၂ - ၃၇ / ၂၀၂၁

( 21 ) ရက် စွဲ ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်

 

Export, Import Read 633 times