ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် နယ်စပ်မှ သွင်းကုန် လျှော့ကျနေ


15 October, 2018

၂၀၁၈ ကြားကာလ ဘတ်ဂျက် ခြောက်လအတွင်း တရုတ်နယ်စပ်ဂိတ်များနှင့် ထိုင်းနယ်စပ်ဂိတ်အချို့မှ သွင်းကုန်လျော့ကျသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကုန်သွယ်မှုစုစုပေါင်း
၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ သုံးဘီလီယံ ဖိုးရှိပြီး မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုသည် ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ဖိုးရှိသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တန်ဖိုးဒေါ်လာ ၂ ဒသမ ၁ ဘီလီယံကျော်ရှိပြီး သွင်းကုန် ဒေါ်လာသန်း ၉၀၀ ဖိုးရှိကြောင်း ဝန်ကြီးဌာနကဆိုသည်။ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတွင် သွင်းကုန်ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး ရှိသည်။

သွင်းကုန်ကျဆင်း
သွင်းကုန်ကျဆင်းသည့် တရုတ်နယ်စပ်ဂိတ်များသည် မူ ဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့ဖြစ်သည်။ သွင်း ကုန်ကျဆင်းသည့် ထိုင်းနယ်စပ်ဂိတ်များသည် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်တို့ဖြစ်ပြီး ထီးခီးနယ်စပ်ဂိတ်သည် သွင်းကုန်တန်ဖိုး ပိုမိုများပြားကြောင်း ဝန်ကြီးဌာနကဆိုသည်။

‘‘အဓိကလျော့ကျတာ တရားမဝင် တင်သွင်းတာရယ်၊ ပြည်တွင်းမှာ စီးပွားရေးမကောင်းလို့ မတင်ကြတာလည်း ပါတယ်။ နောက်ပြီး ဒေါ်လာဈေး အတက်၊ အကျကလည်း အရမ်းများတော့ ဘယ်သူမှ ယူမရောင်းချင်ကြတာ’’ဟု သွင်းကုန်လုပ်ငန်းရှင် ဦးပြည့်စုံကပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း
မြန်မာနိုင်ငံ၌ အစိုးရက တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုရှိပြီး ခြောက်လအတွင်း ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံကျော်ရှိကာ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိသည်။

၂၀၁၈ ကြားကာလ ဘတ်ဂျက်ဖြစ်သည့် ဧပြီမှ စက်တင်ဘာအထိ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းဒေါ်လာ ၁၈ ဘီလီယံရှိပြီး ယမန်နှစ်ကထက် နှစ်ဘီလီယံဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

7 day

Export, Import Read 488 times